တာမခန် ခမရ ၁၁၉ မှထွက်ပြေးလာသည့် တပ်ရင်းမှူးယာဉ်တန်း RPG နှင့်ပစ်ခံရပြီး ကားနှစ်စီးပျက်စီး

တာမခန် ခမရ ၁၁၉ မှထွက်ပြေးလာသည့် တပ်ရင်းမှူးယာဉ်တန်း RPG နှင့်ပစ်ခံရပြီး ကားနှစ်စီးပျက်စီး

ကချင်ပြည်နယ် ဖားကန့်မြို့ တာမခန်ရွာရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်စဉ် ထွက်ပြေးသွားသည့် တပ်ရင်းမှူးပါယာဉ်တန်းအား ယနေ့ ၂၀၂၄ခုနှစ် မတ်လ (၁၁)ရက်နေ့ နံနက်ပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်များက RPGဖြင့်ပစ်ခတ်ရာ ကားနှစ်စီးနှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းနိုင်ခဲ့ကြောင်း KPDF တပ်ဖွဲ့ထံမှ သိရသည်။

တာမခန်ကျေးရွာရှိ စစ်ကောင်စီတပ်၏ ခမရ(၁၁၉)တပ်စခန်းကို KIA ပူးပေါင်းတပ်များက ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၆)ရက်နေ့တွင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် မတ်လ(၉)ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကာ အဆိုပါတပ်စခန်းအတွင်းမှ ထွက်ပြေးပြီး ဆိုင်းတောင်ဖက်ရှိ ရဲတပ်ရင်းနှင့် သွားရောက်ပူးပေါင်းသည့် ခမရ(၁၁၉)တပ်ရင်းမှူးပါယာဉ်တန်းကို RPGနှင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“သူတို့ဆိုင်းတောင်ကနေလာတာမှာပစ်လိုက်တာ။ သူတို့က ကား(၅)စီးနဲ့လာတာ။ ကားနှစ်စီးတော့ထိပြီး ပျက်စီးသွားလို့ ကျွန်တော်တို့ သိမ်းဆည်းရရှိထားတယ်။ ပစ်ခတ်တော့ စစ်ကောင်စီတပ်ဘက်က ဒဏ်ရာရတွေရှိတယ်။ ဒဏ်ရာရတဲ့သူတွေကို တွဲခေါပြီးကားတွေထားခဲ့တာ။”ဟု KPDFမှ ရဲဘော်တစ်ဦးက Tachileik News Agency ကိုပြောသည်။

ကသိုင်းတောင်နှင့် ဆိုင်းတောင်ကြားတွင် ထွက်ပြေးလာသည့် တပ်ရင်းမှူးပါယာဉ်တန်းကို KIA ပူးပေါင်းတပ်များ ကပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး တပ်ရင်းမှူးသေ၊ မသေးကိုမူ အတည်မပြုနိုင်ဟုဆိုသည်။

“လောလောဆယ်တော့ ဆိုင်းတောင်ကို ကားနှစ်စီးပဲဝင်သွားနိုင်တယ်။ တစ်စီးကတော့ ပျောက်နေတယ်။ ကျွန်တော်တို့လည်းရှာနေတုန်း။ တချို့တဝက်ကိုတော့ ကျွန်တော်တို့ဘက်က ပိတ်ဆို့ထားတယ်။ ကားဘီးကို ကျွန်တော်တို့က ပစ်ဖောက်ထားပြီကိုး သူတို့က ကားကိုထားခဲ့ပြီးတော့ ခြေလျင်ပြေးကြတာ။”ဟု ၎င်းကဆက်ပြောသည်။

အဆိုပါပစ်ခတ်မှုဖြစ်သည့်နေရာကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ပစ်ကူခဲ့ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီး ကျရောက်ပြီး နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ဆိုင်းတောင်ရဲတပ်ရင်းအတွင်းသို့ စစ်ကောင်စီတပ်များ ဝင်ရောက်သွားပြီးနောက် ဆက်လက်တိုက်ပွဲဖြစ်မည်ကို ဒေသခံများက စိုးရိမ်နေပြီး ဆိုင်းတောင်တစ်ခုလုံး တိတ်ဆိတ်နေသည်ဟု ဒေသခံများထံကသိရသည်။

“တပ်ရင်းမှူးပါတဲ့ယာဉ်တန်းကို RPG နဲ့ပစ်ခတ်ခံရတာဟုတ်တယ်။ သေဆုံးတာရှိ၊ မရှိတော့မသိဘူး။ အခုတော့ ဆိုင်းတောင်က စစ်ကောင်စီတပ်စခန်းထဲကို ဝင်သွားတယ်။ လက်နက်ကြီးကျကွဲသံတွေတော့ ကြားတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ခမရ(၁၁၉)တပ်ရင်းကို KIA ပူးပေါင်းတပ်များက လေကြောင်းပစ်ကူ အများအပြားကြားမှ (၁၃)ရက်ကြာ တိုက်ခိုက်ပြီးနောက် သိမ်းပိုက်ရရှိခဲ့ရာ လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရရှိခဲ့ကာ အင်အား(၇၀)ဝန်းကျင် ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်သည်။

#TachileikNewsAgency