မြိုင်မြို့နယ်ရှိ စစ်ကောင်စီဂိတ်ကို စနိုက်ပါဖြင့်ပစ်ခတ် ဒုရဲအုပ်တစ်ဦး ထိမှန်

မြိုင်မြို့နယ်ရှိ စစ်ကောင်စီဂိတ်ကို စနိုက်ပါဖြင့်ပစ်ခတ် ဒုရဲအုပ်တစ်ဦး ထိမှန်

မကွေးတိုင်း မြိုင်မြို့နယ်အနောက်ဘက်အထွက်ဂိတ်တွင် ဂိတ်စောင့်နေသည့် မြိုင်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဇင်မင်းထွန်းကို မြိုင်ပကဖက ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၉)ရက်နေ့ နံနက်ပိုင်းတွင် စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။  

မြိုင်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဇင်မင်းထွန်းသည် ဘန်ကာအတွင်းမှ ရဲနှင့် ပျူစောထီးများအား စကားပြောနေစဥ် မြိုင် ပကဖ ရင်း(၁)တပ်ဖွဲ့ဝင်များက စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ရာ ကျည်ထိမှန်၍ လဲကျသွားကြောင်း မြိုင်ပကဖက သတင်းထုတ်ပြန်ထားသည်။ 

ယမန်နေ့ ဩဂုတ်လ (၂၈)ရက်နေ့ကလည်း မြိုင်မြို့နယ်၊ ကိုင်းတောမရဲစခန်းနှင့် မြိုင် ကပစ(၂)သို့ သွယ်တန်းထားသော ရေစက်ကင်းစခန်းအပါအဝင် သရက်ကန်ရွာ ပျူစောထီးစခန်းတို့အား ဒေသကာကွယ်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဒေသကာကွယ်ရေးတပ်များသည် ကိုင်းတောမရဲစခန်းကိုဝိုင်း၍ RPGများ၊ ၄၀(မမ)များနှင့် ပစ်ခတ်ခဲ့ပြီး မြိုင် ကပစ(၂)သို့ သွယ်တန်းထားသော ရေစက်ကင်းစခန်းကိုလည်း လက်နက်ကြီးမျိုးစုံဖြင့် ပစ်ခတ်ခဲ့သည့်အပြင် သရက်ကန်ရွာ ပျူစောထီးစခန်းကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၃) တပ်ခွဲ(၄) တပ်စိတ်(၂)၊ နိုင်းနိုင်း ပကဖအဖွဲ့၊ ကိုဘငြိမ်းအဖွဲ့၊ ပခုက္ကူ Underground အဖွဲ့၊ တမာမြေ အဖွဲ့၊ Young Force အဖွဲ့၊ RDF အဖွဲ့၊ အလင်းတန်းတပ်ဖွဲ့(မြိုင်)၊ GOC အဖွဲ့နှင့် PRDF အဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပခုက္ကူ Underground အဖွဲ့မှ ရဲဘော် Sneaker ကျဆုံးခဲ့ရကြောင်း သိရသည်။

#TachileikNewsAgency

Video : မြိုင်-ပကဖ