ထိုင်းနိုင်ငံတွင် နယူးရီးယားကာလအတွင်း ယာဥ်စည်းကမ်းချိုးဖောက်မှု မှတ်တမ်းဗီဒီယိုများအတွက် ဘတ်တစ်သောင်း ဆုငွေချီးမြှင့်မည်

ထိုင်းနိုင်ငံတွင် နယူးရီးယားကာလအတွင်း ယာဥ်စည်းကမ်းချိုးဖောက်မှု မှတ်တမ်းဗီဒီယိုများအတွက် ဘတ်တစ်သောင်း ဆုငွေချီးမြှင့်မည်
ဒီဇင်ဘာ 29, 2022 | နိုင်ငံတကာသတင်း
By Mr John

 

ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့က ၎င်းတို့၏ နှစ်စဥ် နယူးရီးယား (၇) ရက်တာကာလ အားလပ်ရက်များအတွင်း ယာဥ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လှုပ်ရှားဆောင်ရွက်မှုကို ဒီဇင်ဘာလ (၂၈) ရက်နေ့က  စတင်လိုက်ပြီး ယာဥ်စည်းကမ်း လမ်းစည်းကမ်း ချိုးဖောက်မှုများကို မှတ်တမ်းတင်ထားသော အကောင်းဆုံးဗီဒီယို ပေးပို့သူများအတွက် ဘတ် (၁၀,၀၀၀) ဆုငွေချီးမြှင့်မည်ဟု ကမ်းလှမ်းထားသည်။

ထိုင်းရဲချုပ်က ၂၀၂၃ခုနှစ် အကူး နယူးရီးယားကာလအတွက် ယာဥ်/လမ်းအန္တရာယ်ကင်းရှင်းရေးဌာနကို ရဲတပ်ဖွဲ့ဌာနချုပ်တွင် ဖွင့်လှစ်လိုက်သည်။

ထိုဌာနက ဒီဇင်ဘာလ (၂၉) ရက်နေ့ဝါရီလ (၄) ရက်နေ့အထိ ယာဉ်/လမ်းအန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲသွားမည်ဟု ရဲဗိုလ်ချုပ်ကြီး Damrongsak Kittiprapas က ပြောသည်။ 

ထိုကာလအတွင်း ယာဥ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာရေး ဆောင်ရွက်ရန် နိုင်ငံတဝန်း ရဲတပ်ဖွဲ့ဝင် အင်အား (၅၀,၀၀၀) ခန့် ချထားမည်ဟုလည်း ၎င်းကဆိုသည်။

ထိုင်းနိုင်ငံတွင် နယူးရီးယား (၇) ရက်တာကာလတွင်း ယာဥ်အစီးရေ (၇.၃) သန်း ခရီးသွားလာကြမည်ဟု ရဲတပ်ဖွဲ့က ခန့်မှန်းထားသည်။

 ခရီးသွားရန် ဘန်ကောက်မြို့တော်မှ ထွက်ခွာသူများ ဒီဇင်ဘာလ (၂၈) ရက်နှင့် (၂၉) ရက်တို့တွင် အများဆုံး ဖြစ်လာမည်ဖြစ်ပြီး လာမည့် ဇန်နဝါရီ (၂) ရက်နှင့် (၃) ရက်တို့တွင် ခရီးမှပြန်လာမှု အများဆုံးဖြစ်လိမ့်မည်ဟုလည်း ဆိုသည်။

ရဲတပ်ဖွဲ့က အရှိန်လွန်မောင်းနှင်မှုနှင့် အရက်မူးပြီး မောင်းနှင်မှု၊ ထိုင်ခုံခါးပတ် မပတ်မှုနှင့် ဆိုင်ကယ်စီးသူများ ဦးထုပ်မဆောင်းမှုတို့ကို တင်းတင်းကျပ်ကျပ် စစ်ဆေးသွားမည်ဟု သိရသည်။ 

ယာဥ်မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းရင်းများအနက် အရှိန်လွန်မောင်းနှင်မှုနှင့် အရက်မူးပြီး မောင်းနှင်မှုတို့က အများဆုံး တွေ့ရှိရသည့် အကြောင်းရင်းများဖြစ်ကြောင်း ရဲဗိုလ်ချုပ်ကြီး Damrongsak က ပြောသည်။

ဒီဇင်ဘာလ (၂၉) ရက်နေ့မှ ဇန်နဝါရီလ (၄) ရက်အထိ (၇) ရက်အတွင်း ယာဥ်စည်းကမ်း လမ်းစည်းကမ်းချိုးဖောက်မှုများကို မှတ်တမ်းတင်ထားသည့် ဗီဒီယိုများ ပေးပို့ကြရန် ရဲတပ်ဖွဲ့က ပြည်သူလူထုကို ဖိတ်ခေါ်ထားသည်။ 

ရဲတပ်ဖွဲ့က ထိုဗီဒီယိုများအနက်မှ အကောင်းဆုံး (၇) ခု ရွေးချယ်သွားမည်ဖြစ်ပြီး ဗီဒီယိုတစ်ခုစီအတွက် ဘတ် (၁၀,၀၀၀) စီ ဆုငွေချီးမြှင့်သွားမည် ဖြစ်သည်။

ဗီဒီယိုများကို ရဲတပ်ဖွဲ့၏ ယာဥ်လမ်းကြော ရေဒီယိုဌာနများဖြစ်သည့် JS100 နှင့် FM91 သို့ ပေးပို့နိုင်ကြောင်း သိရသည်။ 

ထိုင်းရဲတပ်ဖွဲ့က နယူးရီးယားကာလ ယာဥ်အသွားအလာ ထိန်းသိမ်းကြပ်မတ်ရန် နိုင်ငံတဝန်း စစ်ဆေးရေးဂိတ် (၃,၇၇၁) ခု ထားရှိဆောင်ရွက်မည်ဟု ဆိုသည်။ 

ထိုင်းနိုင်ငံတွင် ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်သို့ ကူးပြောင်းသည့် နယူးရီးယား (၇) ရက်တာကာလ အားလပ်ရက်များအတွင်း ယာဥ်မတော်တဆမှု (၂,၇၀၇) ခု ဖြစ်ပွားခဲ့ရာ စုစုပေါင်း လူ (၃၃၃) ဦး သေဆုံးပြီး (၂,၆၇၂) ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

 

Source: Bangkok Post