တာချီလိတ်မြို့တွင် ဆီးချိုရောဂါအခံရှိ Covid-19 အတည်ပြုလူနာ တစ်ဦး သေဆုံးသွား၍ ချက်ချင်း သင်္ဂြိုလ်

တာချီလိတ်မြို့တွင် ဆီးချိုရောဂါအခံရှိ Covid-19 အတည်ပြုလူနာ တစ်ဦး သေဆုံးသွား၍ ချက်ချင်း သင်္ဂြိုလ်
ဇူလိုင် 18, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့ မွန်းလွဲပိုင်း စစ်ဆေးပြီးသည်အထိ COVID 19 အတည်ပြုလူနာ (၂၉) ဦးထပ်တိုးပြီး ဆေးရုံ COVID 19 ကုသဆောင်မှ ဆီးချိုရောဂါအခံရှိ အသက်ကြီးပိုင်း အတည်ပြုလူနာ (၁) ဦး သေဆုံးသည်။

တာချီလိတ်မြို့၏ ဆေးရုံဟောင်းမှ COVID 19 ကုသရေး Isolation ward တွင် ကုသမှုခံယူနေသည့် ဆီးချိုရောဂါအခံရှိသူ အသက် (၆၅)နှစ်အရွယ် အတည်ပြုလူနာအမျိုးသား (၁) ဦး သေဆုံးသွားသဖြင့် တာချီလိတ်နာရေးကူညီမှုအသင်းက COVID 19 ကာကွယ်ရေးနည်းလမ်းများနှင့်အညီဆောင်ရွက်၍ ချက်ခြင်း သယ်ဆောင်ကာ သင်္ဂြိုလ်ပေးခဲ့သည်ဟု သိရသည်။

တာချီလိတ်မြို့တွင် နေ့စဉ် အတည်ပြုလူနာဦးရေ တိုးလာနေသဖြင့် အတည်ပြုလူနာများထဲက ရောဂါလက္ခဏာမရှိသူများနှင့် မပြင်းထန်သူများ ( ဖျားနာ ချောင်းဆိုး၊ အနံ့မရ)သူများကို ဒေသအာဏာပိုင်များမှ ကြပ်မတ်သည့် စောင့်ကြည့်ကုသရေးအဆောင်များဖြစ်သည့် မိုးလုံလေလုံအားကစားရုံ၊ မိုးကုတ်ဝိပဿနာအဖွဲ့ခွဲ(၃၄၈)တွင် ဖွင့်လှစ်ထားသည့် Quarantine Centre နှင့် လူဦးရေ (၁,၀၀၀)အထိ ထားရှိနိုင်မည့် Covid-19 လူနာစောင့်ကြည့်ကုသဆောင်(ဝမ်လုံး)တို့အပြင်  လောင်းကစားနှင့် KTV များ လှစ်ဖွင့်ထားသည့် ဟိုတယ်များမှ တွေ့ရသည့် ပိုးတွေ့လူနာများ အပါအဝင် ထိတွေ့သူများကိုလည်း 1G1 Hotel, ရွှေဘူးသီးဟိုတယ်၊ တြိဂံဟိုတယ်၊ ဟုန်ပန်းကွင်း၊ DAT KTV & Club တို့တွင် ထားရှိကြောင်း ပြီး ရောဂါလက္ခဏာပြင်းထန်သူများကို ဆေးရုံဟောင်းသီးသန့်ကုသဆောင်၌ ထားရှိကုသပေးနေခြင်းဖြစ်ကြောင်း သိရသည်။

COVID 19 တတိယလှိုင်းအတွင်း တာချီလိတ်မြို့တွင် အတည်ပြုလူနာတွေ့ရှိမှုမှာ ဇွန်လ(၂၈)ရက်နေ့က စတင်၍ ဇူလိုင်လ (၁၈) ရက်နေ့ မွန်းလွဲပိုင်း စစ်ဆေးပြီးသည်အထိ အတည်ပြုလူနာစုစုပေါင်း (၅၆၅) ဦးရှိနေသည့် အနက် မိုးကုတ်ဝိပဿနာရှိကုသဆောင်မှ ယနေ့ ဆေးရုံဆင်းသူ (၂၄) ဦးအပါအဝင် စုစုပေါင်းဆေးရုံဆင်းခွင့်ရသူ (၁၆၉) ဦးရှိကာ သေဆုံးသူ (၁) ဦးရှိနေခြင်း ဖြစ်သည်။

#TachileikNewsAgency

Photo: တာချီလိတ်နာရေးကူညီမှုအသင်း