တာချီလိတ်မြို့တွင် မိန်းကလေးတစ်ဦး နေအိမ်ကနေ ထွက်သွားပြီး စိုးရိမ်ရ၍ မိသားစုများက စိတ်ပူနေ

တာချီလိတ်မြို့တွင် မိန်းကလေးတစ်ဦး နေအိမ်ကနေ ထွက်သွားပြီး စိုးရိမ်ရ၍ မိသားစုများက စိတ်ပူနေ
ဒီဇင်ဘာ 27, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်တွင် နေထိုင်သူ အသက်(၁၇)နှစ်အရွယ် မအီဘူး (ခ)သန်းသန်းစိုးသည် ၂၀၂၂ခုနှစ် ဒီဇင်ဘာလ(၂၅)ရက်နေ့က နေအိမ်ကနေ ထွက်သွားပြီး ယနေ့ အထိ ပြန်လည်ရောက်ရှိလာခြင်း မရှိသေး၍ မိသားစုများမှ စိုးရိမ်ပူပန်နေသည့်အတွက် ၎င်းအား တွေ့ရှိရသူများအနေဖြင့် ဆက်သွယ်အကြောင်းကြားပေးနိုင်ကြရန် အကူအညီတောင်းခံထားသည်။



မအီဘူး(ခ)သန်းသန်းစိုးသည် ဒီဇင်ဘာလ(၂၅)ရက်နေ့ ညနေက အဝတ်ထုတ်ဖြင့် ထွက်သွားပြီး ပြန်မလာသေး၍  ၎င်း၏ မိသားစုမှ စိုးရိမ်ပြီး ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ မူမမှန်နေသည့် အခြေအနေဖြစ်နေ၍ ပိုမိုစိုးရိမ်နေကြောင်း သိရသည်။



“(၂၅)ရက်နေ့ ညနေကတည်းက အဝတ်တွေထုတ်ပြီး ထွက်သွားတာကို သူ့အိမ်က သိတော့ ဖုန်းဆက်ပြီး သမီးယောကျာ်းနောက် လိုက်သွားတာလားလို့ မေးတော့။ မဟုတ်ဘူး သမီး ယောကျာ်းနောက်လိုက်သွားတာမဟုတ်ဘူး။ အရင် ဆံပင်ဆိုင်မှာ လုပ်တဲ့ သူငယ်ချင်းနဲ့ မန္တလေးမှာ ဆံပင်သင်တန်းသွားတက်မလို့ အဲ့အစ်မက ဆံပင်သင်တန်းလိုက်ပို့မလို့ ဆိုပြီး ပြောနေတုန်းပဲ ရှိသေးတယ် ဘေးကနေ ဖုန်းကို လုလိုက်သလိုမျိုးဖြစ်ပြီး လိုင်းပျက်သွားတာ၊ ပြန်ဆက်သွယ်လို့မရတော့ဘူး။ ”ဟု ၎င်း၏ မိသားစုနှင့် နီးစပ်သူက Tachileik News Agencyသို့ ပြောပြသည်။



မအီဘူး(ခ)သန်းသန်းစိုးသည် မှတ်ပုံတင် မပြုလုပ်ရသေးကြောင်း နှင့် ၎င်းပြောသည့် ဆံပင်ညှပ်ဆိုင်က သူငယ်ချင်းဆိုသူမှာလည်း ဆံပင်ညှပ်ဆိုင်ကနေ ထွက်သွားသူဖြစ်သလို အဆိုပါ သူငယ်ချင်းဆိုသူသည် တာချီလိတ်တွင် နေထိုင်သူမဟုတ်ဘဲ ကျိုင်းတုံမြို့တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရဲစခန်းတွင် လူပျောက်တိုင်ကြားထားကြောင်း သိရသည်။

 

မအီဘူး(ခ)သန်းသန်းစိုးအား မည်သည့်နေရာတွင်မဆို တွေ့ရပါက ၎င်း၏ ဖခင် ဦးအောင်ဝင်း၏ ဖုန်း 09 7690 67524 သို့ ဆက်သွယ်အကြောင်းကြားပေးနိုင်ရန်လည်း အသိပေးထားရှိသည်။