တာချီလိတ် အပါအဝင် ကျိုင်းတုံ နှင့် မိုင်းဆတ်တို့မှ Covid-19 ဓါတ်ခွဲနမူနာ (၁၂၁)ခုကို ရန်ကုန်သို့ ပို့စစ်ထား

တာချီလိတ် အပါအဝင် ကျိုင်းတုံ နှင့် မိုင်းဆတ်တို့မှ Covid-19 ဓါတ်ခွဲနမူနာ (၁၂၁)ခုကို ရန်ကုန်သို့ ပို့စစ်ထား
ဇူလိုင် 4, 2020
By Tachileik News Agency

တာချီလိတ် အပါအဝင် ကျိုင်းတုံ နှင့် မိုင်းဆတ်တို့မှ Covid-19 ဓါတ်ခွဲနမူနာ (၁၂၁)ခုကို ရန်ကုန်သို့ ပို့စစ်ထား

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းဆတ်နှင့် တာချီလိတ်မှ အတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့သူ နှင့်လုပ်ငန်းခွင် ပြန်ဝင်မည့် ဆရာ၊ဆရာမများ အပါအဝင် စုစုပေါင်း (၁၂၁) ဦး၏ COVID 19 ဓာတ်ခွဲနမူနာများကို ရန်ကုန်သို့ ပို့စစ်ထားပြီး ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၄) ရက်နေ့အထိ ဓာတ်ခွဲအဖြေစောင့်နေဆဲဖြစ်ကြောင်း သိရသည်။

 မိုင်းဆတ်က PUI လည်းပါတယ်။ သူက ကျန်းမာရေးဝန်ထမ်းပဲ။ သူက တုပ်ကွေးဖျားသလို အရင်ဖြစ်တယ်။ နောက်တော့ အနံ့မရတော့တာ တော်တော်ကြာသွားတယ်။ သူ့ကို ဓာတ်ခွဲပို့စစ်ထားတယ်။ ကျိုင်းတုံက PUI က နှစ်ယောက်ရယ် facility quarantine တွေရယ်၊ တာချီလိတ်က close contact (အတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့)တွေပါတယ်။ နောက်ပညာရေးဌာနနဲ့ ညှိနှိုင်းထားပြီး စစ်ပေးတဲ့ မိုင်းလားသွားမယ့် ဆရာ၊ဆရာမတွေပါတယ် 

ဟု  COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ပြည်နယ်အဆင့် တာဝန်ရှိသူတစ်ဦးဖြစ်သည့် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထားသည့် မိုင်းဆတ်မြို့မှ ကျန်းမာရေးဝန်ထမ်း (၁)ဦး၊ တာချီလိတ်မြို့မှ ပိုးပြန်တွေ့ရသည့် ယခင်အတည်ပြုလူနာ Case 96 ဖြင့် အနီးကပ်ထိတွေ့သူ တာချီလိတ်မှ (၉)ဦးနှင့် (၄) ဦး စုစုပေါင်း (၁၃) ဦး၊ ကျိုင်းတုံရှိ facility quarantine ဝင်နေသူများ၊ မိုင်းလားမြို့သို့ သွားရောက်တာဝန်ထမ်းဆောင်မည့် ဆရာ၊ ဆရာမဦးရေ (၉၀) ကျော်တို့၏ ဓာတ်ခွဲနမူနာများကို ရယူ၍ ရန်ကုန်သို့ ပို့ဆောင်စစ်ဆေးထားခြင်းဖြစ်ကြောင်း သိရသည်။

အခြေခံပညာအထက်တန်းအဆင့်များကို ဇူလိုင်လ (၂၀)ရက်ကျော်တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်ရာ မိုင်းလားဒေသသို့ သွားရောက် တာဝန်ထမ်းဆောင်သည့် ဆရာ၊ဆရာမများကို COVID 19 ကင်းရှင်းကြောင်း ကျန်းမာရေးထောက်ခံချက် ထုတ်ပေးမည်ဖြစ်၍ ဓာတ်ခွဲနမူနာရယူစစ်ဆေးပေးခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့မှ အတည်ပြုလူနာ Case 96 မှာ ဆေးရုံဆင်းလာပြီးနောက် မိမိဆန္ဒသဘောဖြင့် ပြန်လည်ဓာတ်ခွဲစစ်ဆေးရာမှ COVID 19 ပိုးတွေ့ရကြောင်း ဇွန်လ (၃၀) ရက်နေ့၌ ဓာတ်ခွဲအဖြေရလာသဖြင့် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံ၌ ပြန်လည်ကုသပေးနေပြီး ၎င်းနှင့် အနီးကပ်ထိတွေ့သူများအား အသွားအလာကန့်သတ်ကာ ဓာတ်ခွဲစစ်ဆေးခြင်းကိုလည်း လုပ်ဆောင်ထားခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~