တာချီလိတ်မြို့တွင် ဖမ်းဆီး စစ်ဆေးခံနေရသူ များပြားနေပြီး စစ်ဆေးမှုအတွင်း ထွက်ပြေးပါက ပစ်မိန့်ပေးထား

တာချီလိတ်မြို့တွင် ဖမ်းဆီး စစ်ဆေးခံနေရသူ များပြားနေပြီး စစ်ဆေးမှုအတွင်း ထွက်ပြေးပါက ပစ်မိန့်ပေးထား
ဇန်နဝါရီ 13, 2022 | ရှမ်းရှေ့

တာချီလိတ်မြို့တွင် (၃)ရက်ဆက်တိုက် ဗုံးပေါက်ကွဲမှုဖြစ်ပွားသည့် ကိစ္စနှင့် ပတ်သက်၍   စစ်တပ်နှင့်ရဲတို့က အပြစ်မဲ့ လူငယ် အများအပြားကို ဖမ်းဆီးထားပြီး မြို့တွင်း ရပ်ကွက်များအတွင်းထိ ပိုက်စိပ်တိုက် စစ်ဆေးမှုမျိုးကို ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၁၃)ရက်နေ့ နံနက်ပိုင်းက စ၍ စတင်နေပြီး စစ်ဆေးမှုအတွင်း ထွက်ပြေးပါက ပစ်မိန့်ပါ ပေးထားသည်ဟု သိရသည်။

စစ်ဆေးလို့မှ အစစ်မခံဘဲ ထွက်ပြေးရင် ပစ်ခွင့်ရှိတယ်ဆိုပြီး ပစ်မိန့်ပါ ပေးထားတယ်။ အရင်က ဖောက်ခွဲမှုဖြစ်တာက လက်လုပ်ဗုံးတွေပဲ ဖြစ်တော့ သိပ်မတင်းကြပ်ခဲ့ဘူး။ အခုက လက်ပစ်ဗုံး အစစ်ဖြစ်နေတဲ့အတွက် လန့်နေကြတဲ့ သဘောဖြစ်လို့ တင်းတင်းကြပ်ကြပ် လုပ်ဖို့ လျှို့ဝှက်ညွှန်ကြားထားတာရှိတယ်။ အခု ဖမ်းဆီးစစ်ဆေးက အရင်က ဖောက်ခွဲမှုနဲ့ ပတ်သက်သူတွေနဲ့ NLD ပါတီဝင်အချို့ကို အဓိက ဦးတည်နေတယ်။ ခုတော့ တော်တော်များများကို စစ်ကြောရေးလုပ်နေကြတယ်။

ဟု အမည်မဖော်လိုသူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

အဆိုပါ ပေါက်ကွဲမှုနှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၆ / ၂၀၂၂၊  အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀ (ဈ)နှင့် (ပ) ၉/  ၂၀၂၂၊ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ- ၅၀(ဈ)တို့ဖြင့် အမှုဖွင့်ထားကာ စုံစမ်းမှုများ ပြုလုပ်ပြီး ဆိုင်ဆိုင် မဆိုင်ဆိုင် သံသယရှိသူဟုဆိုသူများကို ဖမ်းဆီးစစ်ဆေးနေသည်ဟု သိရသည်။

တာချီလိတ်မြို့တွင် ဇန်နဝါရီလ(၁၂)ရက်နေ့က လူငယ်(၁၀)ဦးကျော်ကို ဖမ်းဆီးကာ စစ်ကြောရေးများ ပြုလုပ်နေပြီး ဇန်နဝါရီလ(၁၃)ရက်နေ့ အကူးပိုင်းအချိန်ကလည်း ရန်အောင်မြေရပ်ကွက် အတွင်း၊ ပါလျှံ(၁)ရှိ အောင်သရဖူစတိုးကိုလည်း အရပ်ကား (၂)စီး စစ်ကား(၁)စီးဖြင့်  စစ်တပ်နှင့် ရဲ အင်အား (၂၀)ဝန်းကျင်က လာရောက်ရှာဖွေမှုများ ပြုလုပ်သွားကြောင်း နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)မှ ပါတီဝင်ဟုဆိုသည့် ကိုထွန်းထွန်း ဆိုသူကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

 

ဆက်စပ်သတင်း

တာချီလိတ်မြို့တွင်း (၃)ရက် ဆက်တိုက် ဖောက်ခွဲမှုများကို TCL.KKK.SHN အဖွဲ့က ပြုလုပ်ကြောင်း သတင်းထုတ်ပြန်