ရှမ်းပြည်နယ်အခြေစိုက် ကမ္ဘောဇတိုင်းသတင်းဌာန၏ အယ်ဒီတာချုပ် ဖမ်းဆီးခံရ  

ရှမ်းပြည်နယ်အခြေစိုက် ကမ္ဘောဇတိုင်းသတင်းဌာန၏ အယ်ဒီတာချုပ် ဖမ်းဆီးခံရ  
ဒီဇင်ဘာ 25, 2022 | 2021 Military Coup| ရှမ်းတောင်



ရှမ်းပြည်နယ်အခြေစိုက်သတင်းဌာနတစ်ခုဖြစ်သည့် ကမ္ဘောဇတိုင်းမ်သတင်းဌာန၏ အယ်ဒီတာချုပ် ဦးကျော်ဇေယျကို အာဏာသိမ်းစစ်ကောင်စီက ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၂၅)ရက်နေ့ နံနက် (၃)နာရီအချိန်တွင် ဖမ်းဆီးသွားကြောင်း သိရသည်။

အယ်ဒီတာချုပ် ဦးကျော်ဇေယျအား ကြို့ပင်ကောက်ရှိ နေအိမ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့များက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

“စစ်သားတွေနဲ့ရဲတွေ မနက်အစောကြီး လာဖမ်းခေါ်သွားကြတယ်။ ပစ္စည်းတွေလည်း သိမ်းသွားတယ်။ အခုထိ စစ်ကြောရေးမှာ စစ်ဆေးနေတုန်းဆိုတာကလွဲလို့ ဘာမှမသိရသေးဘူး” ဟု မိသားစုဝင်နှင့်နီးစပ်သူတစ်ဦးက Tachileik News Agency သို့ ပြောသည်။

လက်ရှိတွင် အယ်ဒီတာချုပ် ဦးကျော်ဇေယျအား ကြို့ပင်ကောက်မြို့တွင် ဖမ်းဆီးချုပ်နှောင်ထားသည်ဟု သိရသည်။

အာဏာသိမ်းစစ်ကောင်စီက ကမ္ဘောဇတိုင်းသတင်းဌာနမှ ထုတ်ဝေသူအပါအဝင် အယ်ဒီတာအဖွဲ့ဝင် စုစုပေါင်း (၄)ဦးအား ပုဒ်မ ၅၀၅ ဖြင့် ဖမ်းဆီးထောင်ချခဲ့ပြီး အယ်ဒီတာချုပ် ဦးကျော်ဇေယျကိုလည်း ပုဒ်မ ၅၀၅ ဖြင့် ဖမ်းဝရမ်းထုတ်ထားခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီသည် အာဏာသိမ်းပြီးချိန်မှစ၍ လွတ်လပ်သည့်သတင်းဌာနများနှင့် သတင်းသမားများအား ပုဒ်မမျိုးစုံတပ်၍ အမှုဖွင့် ဖမ်းဆီးခြင်းများကို လုပ်နေခြင်းဖြစ်သည်။