ကျောက်မဲနှင့် နမ့်ခမ်းရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို TNLA ထပ်မံသိမ်းပိုက်

ကျောက်မဲနှင့် နမ့်ခမ်းရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို TNLA ထပ်မံသိမ်းပိုက်
ဒီဇင်ဘာ 6, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနှင့် နမ့်ခမ်းမြို့တို့ရှိ စစ်ကောင်စီတပ်စခန်း(၂)ခုကို ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၅)ရက်နေ့တွင် TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီ၏ မိုင်းလုံတပ်စခန်းကို ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၅)ရက်နေ့တွင် တအာင်းအမျိုးသားလွတ်‌မြောက်ရေးတပ်မတော်(TNLA)က ဝင်ရောက်တိုက်ခိုက်ချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားခဲ့ကြပြီး စစ်ကောင်စီတပ်ထံမှ (၈၀)မမနှင့် (၆၀) မမ လက်နက်ကြီးများ အပါအဝင်၊ လက်နက် (၁၃)လက်နှင့် စစ်အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်၏ မိုင်းဝီးတပ်စခန်းကို ယင်းနေ့တွင် TNLAမှ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

အဆိုပါ မိုင်းဝီးတပ်စခန်းကို TNLAက ၁၀၂၇ စစ်ဆင်ရေးအတွင်း ဒီဇင်ဘာလ (၂)ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး (၄)ရက်အကြာတွင် အလုံးစုံ သိမ်းပိုက်ရရှိခဲ့သည်ဟု ဆိုသည်။

တပ်စခန်းအတွင်းမှ စစ်ကောင်စီ၏ (၆၀)မမ လက်နက်ကြီးအပါအဝင် လက်နက် (၁၀)လက်၊ ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တအာင်းပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်း (၅၃ )ခုကို TNLAက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo:PSLF/TNLA News