ပါကစ္စတန်တွင် လူဦးရေ သန်း (၃၀) ကျော် ရေဘေးသင့်နေပြီး (၃)လအတွင်း လူ(၁၀၀၀)ကျော် သေဆုံး 

ပါကစ္စတန်တွင် လူဦးရေ သန်း (၃၀) ကျော် ရေဘေးသင့်နေပြီး (၃)လအတွင်း လူ(၁၀၀၀)ကျော် သေဆုံး 
သြဂုတ် 30, 2022 | နိုင်ငံတကာသတင်း
By Mr John

 

ပါကစ္စတန်နိုင်ငံတွင် အဆိုးဆုံး မုတ်သုန်ရာသီကာလ ရေကြီးရေလျှံမှုများကို လူဦးရေ သန်း (၃၀) ကျော် ကြုံတွေ့နေကြရပြီး မရေမတွက်နိုင်သော နေအိမ်များ ရေထဲမျောပါပြီး အရေးပါသော စိုက်ပျိုးမြေများ ပျက်စီးခြင်းနှင့် နိုင်ငံ၏ အဓိက မြစ်ကြီးမှာ မြစ်ရေလျှံမည့် အခြေအနေဖြစ်ပေါ်နေသည်။ 

ပါကစ္စတန်အစိုးရ တာဝန်ရှိသူများ၏ ပြောကြားမှုအရ မုတ်သုန်မိုးများ စတင်ရွာသွန်းခဲ့သည့် ဇွန်လမှစပြီး လူ (၁,၀၆၁) ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ရေကြီးမှုကြောင့် လမ်းနှင့်တံတားများ ပျက်စီးသွားခဲ့ရာ တောင်တန်းထူထပ်သည့် မြောက်ပိုင်းဒေသရှိ ရာနှင့်ချီသည့် ကျေးရွာများနှင့် အဆက်အသွယ်ပြတ်နေရာ သေဆုံးသူ လူဦးရေ မြင့်တက်လာနိုင်ကြောင်းလည်း တာဝန်ရှိသူများက ပြောသည်။ 

နှစ်စဥ် မုတ်သုန်မိုးရွာသွန်းမှုမှာ အိန္ဒိယတိုက်ငယ်တစ်ခွင် ကောက်ပဲသီးနှံစိုက်ခင်းများ ရေရရှိမှုနှင့် ကန်များနှင့်ဆည်များ ရေဖြည့်တင်းမှုတို့အတွက် မရှိမဖြစ် အရေးပါသော်လည်း မိုးသည်းထန်မှုကြောင့် နှစ်စဥ်နှစ်တိုင်း ပျက်စီးဆုံးရှုံးများလည်း ဖြစ်ပေါ်နေသည်။

ယခုနှစ် မုတ်သုန်ကာလ ရေကြီးမှုများအတွင်း ပါကစ္စတန်တွင် လူဦးရေ (၃၃) သန်းကျော် ရေဘေးသင့်နေပြီး လူ (၇) ဦးလျှင် (၁) ဦးနှုန်းဖြစ်ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားသည်။ 

"ကျွန်တော်တို့ အခုမြင်နေရတာက ခရိုင်တစ်ခုလုံး ရေမြုပ်နေတာပဲ" ဟု ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ကြီး Sherry Rehman က AFP သတင်းဌာနကို ဩဂုတ်လ (၂၉) ရက်တွင် ပြောသည်။

ပါကစ္စတန်တွင် ယခုနှစ် ရေကြီးရေလျှံမှုမှာ အဆိုးဆုံးအဖြစ် စံချိန်တင်ထားသည့် ၂၀၁၀ ခုနှစ်နှင့် နှိုင်းယှဥ်နိုင်သည်ဟုလည်း ဆိုသည်။ 

၂၀၁၀ ခုနှစ်က ရေကြီးမှုများအတွင်း ပါကစ္စတန်နိုင်ငံ၏ ငါးပုံတစ်ပုံ ရေမြုပ်ခဲ့ပြီး လူ (၂,၀၀၀) ကျော် သေဆုံးခဲ့ကြောင်း သိရသည်။ 

ပါကစ္စတန်ဝန်ကြီးချုပ် ရှီဘက်ဇ်ရှရစ်ဖ်က ယခုနှစ် မုတ်သုန်မိုးသည်းထန်မှုမျိုးကို လွန်ခဲ့သည့် နှစ် (၃၀) အတွင်း မကြုံခဲ့ဖူးဟု ပြောသည်။ 

ရက်သတ္တများနှင့်ချီ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် စိုက်ပျိုးမြေဧက သန်းပေါင်းများစွာ ရေကြီးနစ်မြုပ်ခဲ့သည်။



ပါကစ္စတန်မြောက်ပိုင်းရှိ မြစ်လက်တက်၊ ချောင်းလက်တက်များမှ ရေများစုန်ဆင်းလာမှုကြောင့် နိုင်ငံ၏ Indus မြစ်အတွင်း ရေးများတိုးလာနေပြီး မြစ်ရေလျှံမည့်အခြေအနေ ဖြစ်ပေါ်နေသည်။ 

Global Climate Risk Index အညွှန်းကိန်းအရ ပါကစ္စတန်မှာ ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုကြောင့် ဆိုးရွားပြင်းထန်သည့် မိုးလေဝသအခြေအနေ အကြုံနိုင်ဆုံး နိုင်ငံများစာရင်း၏ နံပါတ် (၈) နေရာတွင်ရှိနေကြောင်းလည်း သိရသည်။ 

ယခုလက်ရှိ ကြုံတွေ့နေရသည့် ရေကြီးမှုကို ဖြေရှင်းဆောင်ရွက်ရာတွင် နိုင်ငံတကာမှ အကူအညီပေးကြရန် ပါကစ္စတန်နိုင်ငံက ပန်ကြားထားသည်။

Source: AFP

Photo: AFP/Asif Hassan, AFP/Zahid Hassan,AFP/Abdul MAJEED, EPA, Reuters,