မလေးရှားနိုင်ငံ မြောက်ပိုင်းတွင် ရေကြီး‌ရေလျှံမှုအတွင်း အနည်းဆုံး လူ (၅) ဦး သေဆုံးပြီး လူဦးရေ (၇၂,၀၀၀) ကျော် ရွှေ့ပြောင်းရ

မလေးရှားနိုင်ငံ မြောက်ပိုင်းတွင် ရေကြီး‌ရေလျှံမှုအတွင်း အနည်းဆုံး လူ (၅) ဦး သေဆုံးပြီး လူဦးရေ (၇၂,၀၀၀) ကျော် ရွှေ့ပြောင်းရ
ဒီဇင်ဘာ 22, 2022 | နိုင်ငံတကာသတင်း
By Mr John

 မလေးရှားနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် ‌မြောက်ပိုင်းဒေသများ ရေနစ်မြုပ်နေကြောင်းနှင့် ရေကြီးမှုကြောင့် အနည်းဆုံး လူ (၅) ဦး သေဆုံးကာ လူဦးရေ (၇၂,၀၀၀) ကျော်ကို ရေဘေးလွတ်ရာသို့ အလျင်အမြန် ရွှေ့ပြောင်းပေးခဲ့ရကြောင်း အာဏာပိုင်များက ဒီဇင်ဘာလ (၂၁) ရက်တွင် ပြောသည်။ 

မလေးရှားတွင် ယခုသီတင်းပတ်အတွင်း ပြည်နယ် (၅) ခု၌ ရေကြီးမှုများ ဖြစ်ပေါ်နေပြီး အာဏာပိုင်များက ယာယီခိုလှုံရေးစခန်း ရာနှင့်ချီ စီစဥ်ထားကြောင်းနှင့် ရွှေ့ပြောင်းရသူ အရေအတွက် တိုးလာနေကြောင်း သိရသည်။ 

ဆိုရှယ်မီဒီယာပေါ်မှ ဓာတ်ပုံနှင့်ဗီဒီယိုများအရ လယ်ကွင်းများနှင့် လမ်းမများပေါ် ရွှံ့နွံရေများ   စီးဆင်းနေပြီး အရေးပေါ် ကယ်ဆယ်ရေးသမားများက ခါးအထိနက်သော ရေထဲတွင် ရေဘေးသင့်သူများကို ကယ်ဆယ်ရန် ခက်ခက်ခဲခဲ သွားလာနေကြသည်ကို တွေ့ရသည်။

မလေးရှားနိုင်ငံ Department of Irrigation and Drainage (DID) ဌာနက လာမည့် ရက်များအတွင်း မုတ်သုန်မိုးရွာသွန်းပြီး နောက်ထပ် ရေကြီးမှုများ ဖြစ်ပေါ်လာနိုင်၍ ဒေသခံများအနေဖြင့် ဖြစ်နိုင်ပါက ရွှေ့ပြောင်းကြရန် အာဏာပိုင်များက အသိပေး တိုက်တွန်းထားသည်။ 

မလေးရှားနိုင်ငံ၏ မုတ်သုံရာသီကာလမှာ အောက်တိုဘာလ မှ မတ်လအထိ ဖြစ်ပြီး မိုးရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများ ဆက်လက် ဖြစ်ပေါ်နေမည်ဟု ခန့်မှန်းထားသည်။

လက်တလော ရေကြီးမှုများအတွင်း Kelantan ပြည်နယ်တွင် လူဦးရေ (၃၁,၀၀၀) ကျော်နှင့် အိမ်နီးချင်း Terengganu ပြည်နယ်တွင် လူဦးရေ (၃၉,၀၀၀) ကျော် နေအိမ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရကြောင်း မလေးရှားအစိုးသတင်းဌာန Bernama က ပြောသည်။ 

အရေးပေါ်ဌာန အရာရှိများက ရေကြီးမှုအတွင်း စုစုပေါင်း လူ (၅) ဦး သေဆုံးခဲ့ကြောင်း အတည်ပြုထားသည်။

မလေးရှားပြည်တွင်းသတင်းများ၏ ဖော်ပြမှုအရ Kelantan ပြည်နယ်တွင် ဒီဇင်ဘာလ (၁၉) ရက်နေ့က လူ (၄) ဦး သေဆုံးခဲ့ကြောင်းနှင့် ညီအစ်မ (၃) ဦးမှာ ရေကြီးမှုအတွင်း လမ်းလျှောက်သွားနေစဥ် ဓာတ်လိုက်ခံခဲ့ရပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်။ 

နောက်ထပ် အသက် (၁၅) နှစ်အရွယ် ယောက်ျားလေးတစ်ဦးမှာ ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။ 

Terengganu ပြည်နယ်တွင်လည်း ဒီဇင်ဘာလ (၁၈) ရက်နေ့က အသက် (၂) နှစ်အရွယ် မိန်းကလေးတစ်ဦး ရေစီးနှင့်အတူ မျောပါသွားပြီး သေဆုံးခဲ့သည်။

ရေကြီးရေလျှံမှုများကြောင့် Pahang, Johor နှင့် Perak ပြည်နယ်များတွင်လည်း ရွှေ့ပြောင်းမှုများ လုပ်ဆောင်ခဲ့ရကြောင်း Bernama သတင်းက ပြောသည်။ 

လူဦးရေ (၃၃) သန်းရှိ မလေးရှားနိုင်ငံတွင် အရှေ့မြောက် မုတ်သုံလေကြောင့် နိုဝင်ဘာလမှ မတ်လအထိ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ  နှစ်စဥ် ကြုံရလေ့ရှိသည်။

 ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင်မူ မလေးရှားနိုင်ငံ သမိုင်းတစ်လျှောက် အဆိုးဆုံး ရေကြီးမှုများ ကြုံခဲ့ရပြီး လူ (၅၀) ကျော် သေဆုံးကာ လူထောင်ပေါင်းများစွာ ရွှေ့ပြောင်းခဲ့ကြရသည်။

နိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီးအဖြစ်လည်း တာဝန်ယူထားသည့် မလေးရှားဝန်ကြီးချုပ်သစ် အန်ဝါအီဗရာဟင်မ်က ၎င်း၏  အစိုးရအနေဖြင့် ဘေးအန္တရာယ်စီမံခန်ခွဲမှုနှင့် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ထပ်ဆောင်းရန်ပုံငွေများ အသုံးပြုသွားမည်ဟု ဆိုသည်။ 

ဝန်ကြီးချုပ်အန်ဝါက ဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာနအတွက် မလေးရှားရင်းဂစ် သန်း (၄၀၀) (အမေရိကန်ဒေါ်လာ သန်း ၉၀) ကနဦး ခွဲဝေသတ်မှတ်ထားကြောင်း လွှတ်တော်တွင် ဒီဇင်ဘာလ (၂၀) ရက်နေ့က ပြောခဲ့သည်။

Source: Reuters, AFP

Photo: REUTERS/Stringer,  Facebook/Korporat JBPM/via REUTERS,