အနာဂတ်အတွက် ပရိုတိန်း အရင်းအမြစ်အဖြစ် တောင်ကိုရီးယား သိပ္ပံညာရှင်များက 'အမဲသား ဆန်' တီထွင်

အနာဂတ်အတွက် ပရိုတိန်း အရင်းအမြစ်အဖြစ် တောင်ကိုရီးယား သိပ္ပံညာရှင်များက 'အမဲသား ဆန်' တီထွင်
By Mr John

တောင်ကိုရီးယားနိုင်ငံမှ သိပ္ပံပညာရှင်များက  အမဲသားဆဲလ်များကို ဆန်စေ့များတွင် ထည့်သွင်းအပြီး  အနာဂတ် ပရိုတိန်း (အသားဓာတ်) အရင်းအမြစ်တစ်ခုဟု ညွှန်းဆိုထားသော 'အမဲသား ဆန်' ကို တီထွင်ဖန်တီးခဲ့ကြသည်။ 

ယခု လုပ်ဆောင်မှုက  အသားအတွက် ကျွဲနွားတိရစ္ဆာန်များ မွေးမြူခြင်းကို အစားထိုးနိုင်မည့် ရေရှည်တည်တံ့ပြီး လူအများ တတ်နိုင်ကာ သဘာပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သည့် ပရိုတိန်းအရင်းအမြစ်ကို ဖန်တီးရရှိရန် အဓိက ခြေလှမ်းတစ်ရပ်ဟု ၎င်းတို့က ပြောသည်။

 ၂၀၂၄ ခုနှစ် မတ်လထုတ် Matter ဂျာနယ်တွင် ဖော်ပြထားသော ယခု သုတေသနကို ဆိုးလ်မြို့ရှိ Yonsei တက္ကသိုလ်မှ ပါမောက္ခ Jinkee Hong က ဦးဆောင်ခဲ့သည်။ 

'အမဲသား ဆန်' ဖန်တီးရာတွင် ဆန်စေ့မှုန်များကို တိရစ္ဆာန်အသားနှင့် အဆီ ဆဲလ်များ ဖွံ့ဖြိုးဖြစ်ထွန်းစေရန်အတွက် အခြေခံအဖြစ် အသုံးပြုထားသည်။

'အမဲသား ဆန်' တွင် သမာရိုးကျ ဆန်ထက် ခန့်မှန်းခြေအားဖြင့် ပရိုတိန်း (၈) ရာခိုင်နှုန်းနှင့် အဆီဓာတ် (၇) ရာခိုင်နှုန်း ပိုမိုပါဝင်ကြောင်း သိရသည်။ 

ပရိုတိန်း (၁၈) ရာခိုင်နှုန်းမှာ တိရစ္ဆာန် အခြေခံဖြစ်ပြီး ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်သည့် အမိုင်နိုအက်ဆစ်များ (amino acids) ကြွယ်ဝသော အရင်းအမြစ်တစ်ခုဖြစ်ကြောင်း ပါမောက္ခ Hong က မှတ်ချက်ပြုသည်။

(၁) ကီလိုဂရမ် (၂.၂ ပေါင်) ကို အမေရိကန် (၂) ဒေါ်လာခန့် ဖြစ်သည့် 'အမဲသား ဆန်' က သမားရိုးကျ အမဲသားထုတ်ကုန် ထုတ်လုပ်မှုထက် ကာဗွန်ထုတ်လွှတ်မှု များစွာ ပိုနည်းကြောင်းနှင့် ဖန်တီးထုတ်လုပ်ထားသော 'အမဲသား ဆန်' က ကုန်စုံဆိုင်များပေါ်တွင် ယှဥ်ပြိုင်နိုင်သော ထုတ်ကုန်ဖြစ်လာနိုင်ကြောင်း Hong က ဆိုသည်။

နည်းပညာရှုထောင့်နှင့် အနံ့အရသာနှင့် စားသုံးစဥ် လျှာပေါ်တွင် ထိတွေ့ခံစားရသည့် အနေအထားတို့နှင့် ပတ်သက်၍ စားသုံးသူ စိတ်ကြိုက်ဖြစ်စေရန် စိန်ခေါ်မှုများ ရှိနေဆဲဟုလည်း Hong က ပြောသည်။

 မကြာသေးမီက ဆိုးလ်မြို့ရှိ အသားကင် စားသောက်ဆိုင်တစ်ဆိုင်တွင် 'အမဲသား ဆန်' ကို မြည်းစမ်းကြည့်ခဲ့သူ Keum Dong-kyu က ယခု စိတ်ကူးမှာ ဆန်းသစ်မှုတစ်ခုဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။

"ဒါပေမဲ့ ရိုးရိုးသားသား ပြောရရင် ဒီဟာက တကယ့် အမဲသားအစစ်ရဲ့ အရသာကို တူနိုင်မယ်လို့ မထင်ပါဘူး" ဟု Keum က ပြောသည်။ 

ဂျာမနီနိုင်ငံမှ တောင်ကိုရီးယားသို့ လာရောက်လည်ပတ်သူ Christian Krammel ကမူ ပို၍ အကောင်းမြင်ခဲ့သည်။ 

"အခုအချိန်မှာတော့ ဒါက အမဲသားအစစ်နဲ့ မယှဥ်နိုင်သေးပါဘူး။ ဒါပေမဲ့ သုတေသနရဲ့ အစောပိုင်း အဆင့်ပဲလို့ မြင်ပါတယ်။ အလားအလာကောင်းတစ်ခုလို့ ပြောချင်ပါတယ်" ဟု Krammel က ပြောသည်။

Source: Reuters