အင်ဒိုနီးရှားတွင် ချောင်းဆိုးပျောက်ဆေးရည်ကြောင့်‌ ထိခိုက် သေဆုံးရသည့် ကလေးငယ်များ၏ မိသားစုများက အစိုးရ နှင့် ဆေးကုမ္ပဏီကို တရားစွဲ

အင်ဒိုနီးရှားတွင် ချောင်းဆိုးပျောက်ဆေးရည်ကြောင့်‌ ထိခိုက် သေဆုံးရသည့် ကလေးငယ်များ၏ မိသားစုများက အစိုးရ နှင့် ဆေးကုမ္ပဏီကို တရားစွဲ
ဒီဇင်ဘာ 2, 2022 | နိုင်ငံတကာသတင်း
By Mr John

 အင်ဒိုနီးရှားနိုင်ငံတွင် အသက်သေဆုံးသည်အထိ ဘေးအန္တရာယ်ဖြစ်စေသည့် ချောင်းဆိုးပျောက်ဆေးရည်များကြောင့် သေဆုံးခဲ့ရသူ သို့မဟုတ် ထိခိုက်နာမကျန်းဖြစ်ခဲ့ရသူများ၏ မိသားစု (၁၂) ခုက အစိုးရနှင့် ကုမ္ပဏီများကို ထိုချောင်းဆိုးပျောက်ဆေးများ ဈေးကွက်အတွင်း ရောင်းချခဲ့မှုအတွက် တရားစွဲဆိုလိုက်ကြောင်း သိရသည်။ 

အင်ဒိုနီးရှားတွင် acute kidney injury (AKI) ခေါ်  ပြင်းထန်သည့် ကျောက်ကပ်ထိခိုက်ပျက်စီးမှုများ ဩဂုတ်လကတည်းက မြင့်တက်နေခဲ့ရာ အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်။

အင်ဒိုနီးရှားတွင် AKI ကြောင့် အနည်းဆုံး လူ (၁၉၉) ဦး သေဆုံးခဲ့ပြီး အများစုမှာ အသက် (၅) နှစ်အောက် ကလေးငယ်များ ဖြစ်သည်။ 

နောက်ပိုင်းတွင် အင်ဒိုနီးရှားအစိုးရက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ပြီး ချောင်းဆိုးပျောက်ဆေးရည်နှင့် အဖျားပျောက်ဆေးရည်ကဲ့သို့ ဆေးရည်များကို ရောင်းချမှုပိတ်ပင်ခဲ့သည်။ 

တရားလိုများက ကျန်းမာရေးဝန်ကြီးဌာန၊ အစားအစာနှင့်ဆေးဝါး ကွပ်ကဲရေးဌာနနှင့် ကျောက်ကပ်ထိခိုက်ပျက်စီးစေသည့် ဓာတုပစ္စည်း (၂) မျိုး ခွင့်ပြုပမာဏထက် လွန်ကဲပါဝင်နေသော ဆေးအရည်များ ရောင်းချမှုတွင် ပါဝင်ပတ်သက်သော ကုမ္ပဏီ (၇) ခုကို တရားစွဲထားခြင်း ဖြစ်သည်။

အာဏာပိုင်များအနေဖြင့် ဘေးအန္တရာယ်ဖြစ်စေသည့် ဆေးဝါးများရောင်းချမှုနှင့် နောက်ဆုံးတွင် ကလေးများ သေဆုံး သို့မဟုတ် နာမကျန်းဖြစ်မှုကို တားဆီးကာကွယ်ရန် ပျက်ကွက်မှုကြောင့် တရားစွဲခြင်းဖြစ်ကြောင်း မိသားစု၏ ဥပဒေရေးရာ ကိုယ်စားလှယ် Awan Puryadi က AFP သတင်းဌာနကို ပြောသည်။ 

"ဘယ်သူကမှ တာဝန်ရှိပါတယ်လို့ ထုတ်ဖော်ပြောတာ မရှိဘူး။ လက်ရှိအခြေအနေကို အရမ်းစိတ်ပျက်မိပါတယ်" ဟု နိုဝင်ဘာလ (၁၈) ရက်နေ့က တရားစွဲဆိုခဲ့သည့် အမှုကိစ္စနှင့် ပတ်သက်၍ ဒီဇင်ဘာလ (၁) ရက်နေ့တွင် Puryadi က ထုတ်ဖော်ပြောဆိုခဲ့သည်။

"ဆေးဝါးဖြန့်ဖြူးသူတွေ၊ ဆေးဝါးရောင်းချသူတွေ၊ အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးဌာန BPOM နဲ့ ကျန်းမာရေးဝန်ကြီးဌာန အားလုံး တာဝန်ယူကြဖို့ တောင်းဆိုပါတယ်" ဟု ၎င်းက ပြောသည်။ 

သေဆုံးခဲ့သူ တစ်ဦးချင်းစီအတွက် နစ်နာကြေး အင်ဒိုနီးရှား rupiah ငွေ (၂) ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၂၇,၀၄၉) နှင့် ကျောက်ကပ်ထိခိုက်ပြီး နာမကျန်းဖြစ်ရသူ တစ်ဦးချင်းစီအတွက် နစ်နာကြေး rupiah (၁) ဘီလီယံဝန်းကျင် (အမေရိကန်ဒေါ်လာ ၆၃,၅၂၄) ရရှိလိုကြောင်း မိသားစုများက တရားစွဲဆိုမှုတွင် အရေးဆိုထားကြောင်း သိရသည်။

အင်ဒိုနီးရှားတွင် စစ်ဆေးမှုများအရ ကျောက်ကပ်ထိခိုက်ပြီး သေဆုံးမှုအများစုမှာ ethylene glycol နှင့် diethylene glycol ဓာတုပစ္စည်းများ ခွင့်ပြုပမာဏထက် လွန်ကဲပါဝင်နေသည့် ဆေးရည်များကြောင့်ဖြစ်ကြောင်း တွေ့ရှိရသည်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ကလည်း ဂမ်ဘီယာနိုင်ငံမှ ကလေးငယ် (၇၀) နီးပါး သေဆုံးမှုမှာ အိန္ဒိယနိုင်ငံထုတ် ချောင်းဆိုးပျောက်ဆေးရည် (၄) မျိုးနှင့် ဆက်နွယ်နေကြောင်း အောက်တိုဘာလ အစောပိုင်းတွင် အတည်ပြုခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ သတိပေးချက် ထုတ်ပြန်ခဲ့သည်။ 

ထိုချောင်းဆိုးပျောက်ဆေးရည်များတွင် diethylene glycol နှင့် ethylene glycol ဓာတုဗေဒပစ္စည်းများ ခွင့်ပြုပမာဏထက် ပိုမိုပါဝင်နေကြောင်း WHO က တွေ့ရှိခဲ့သည်။

Source: AFP