အရှေ့တောင်အာရှနိုင်ငံအချို့တွင် တားမြစ်ထားသည့် တရုတ်တိုင်းရင်းဆေးကို မြန်မာနိုင်ငံသို့ နယ်စပ်မှ COVID 19 ကာကွယ်ရေးပစ္စည်းအဖြစ် တင်သွင်း

အရှေ့တောင်အာရှနိုင်ငံအချို့တွင် တားမြစ်ထားသည့် တရုတ်တိုင်းရင်းဆေးကို မြန်မာနိုင်ငံသို့ နယ်စပ်မှ COVID 19 ကာကွယ်ရေးပစ္စည်းအဖြစ် တင်သွင်း

COVID 19 ကြောင့် မြန်မာ - တရုတ်နယ်စပ်ဂိတ်များပိတ်ထားချိန်အတွင်း မြန်မာနိုင်ငံသို့ တရုတ်မှ တင်သွင်းပေးလာသည့် COVID 19 ကာကွယ်ရေးပစ္စည်းများတွင် ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်စသည့် အရှေ့တောင်အာရှနိုင်ငံများတွင် တားမြစ်ထားသည့် တရုတ်တိုင်းရင်းဆေး Lianhua Qingwen Capsules များ ပါဝင်လာသည်ကို တရုတ်သံရုံးက ၂၀၂၁ ခုနှစ် ဇူလိုင်လ (၂၂) ရက်နေ့တွင် ထုတ်ပြန်သည့်သတင်း၌ တွေ့ရသည်။

 Chinese Embassy in Myanmar ]

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မုန်တိန်-ချင်းရွှေဟော်နယ်စပ်ဂိတ်မှတစ်ဆင့် ဇူလိုင်လ (၁၅) ရက်နေ့မှ ဇူလိုင်လ (၂၀) ရက်နေ့အထိ တင်သွင်းခွင့်ပြုလိုက်သည့် COVID 19 ကာကွယ်ရေးပစ္စည်းများအဖြစ် ၄၀ လီတာ အောက်ဆီဂျင်အိုး (၇၃၂၀) လုံး၊ အိမ်သုံးအောက်ဆီဂျင်စက် (oxygen concentrator) (၁၁) လုံး၊ နှာခေါင်းစည်း (၅၃၉၅) ဘူး နှင့် Lianhua Qingwen Capsules (၂၈၀) သေတ္တာပါဝင်သည်ဟု သံရုံးကထုတ်သည့်သတင်းတွင် တွေ့ရသည်။

ကမ္ဘာ့ကပ်ရောဂါသစ်ဖြစ်သည့် COVID 19 ကို ကုသသည့်ဆေးမရှိသေးသော်လည်း တရုတ်တိုင်းရင်းဆေး Lianhua Qingwen Capsules ကို COVID 19 ကုသရာတွင် သုံးစွဲနေကြသဖြင့် ဈေးကွက်တွင်တွေ့ပါက အရေးယူမည်ဟု ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် ကြေညာထားသည်ကို တွေ့ရပြီး မြန်မာနိုင်ငံတွင် အဆိုပါဆေးနှင့်ပတ်သက်၍ ကျန်းမာရေးပညာရှင်အချို့က သတိပေးရေးသားခြင်းကိုသာ တွေ့ရကာ သီးခြားကန့်သတ်ချက် မရှိသေးသည်ကို တွေ့ရသည်။

တရုတ်တိုင်းရင်းဆေး Lianhua Qingwen Capsules မှာ တုပ်ကွေးရောဂါလက္ခဏာကို သက်သာစေသည့် အကိုက်အခဲပျောက်ဆေးများနှင့်တူသည့် တိုင်းရင်းဆေးတစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများတွင် COVID 19 လူနာများအတွက် မြန်မြန်ဆန်ဆန်သက်သာစေသည်ဟုဆိုကာ  ဈေးကွက်အတွင်း ရောင်းချနေကြပြီး စင်္ကာပူတွင် အဆိုပါဆေးကို COVID 19 ကုသဆေးမဟုတ်ဘဲ တိုင်းရင်းဆေးအဖြစ် ရောင်းချခွင့်ပြုထားကြောင်း သိရသည်။

 

တိုင်းရင်းဆေးအပါအဝင် မည်သည့်ဆေးဝါးတွင်မဆို ဘေးထွက်ဆိုးကျိုးရှိတတ်၍ နားလည်တတ်ကျွမ်းသူများထံမှ အကြံဉာဏ်ရယူသုံးစွဲကြရန် ကျန်းမာရေးပညာရှင်များက သတိပေးထားသည်။

#TachileikNewsAgency