ထိုင်းဘုရင်နှင့်မိဖုရားတို့ COVID-19 ကူးစက်ခံထားရ

ထိုင်းဘုရင်နှင့်မိဖုရားတို့ COVID-19 ကူးစက်ခံထားရ
By Mr John

 

ထိုင်းဘုရင်နှင့်မိဖုရားတို့ နှစ်ဦးစလုံး မပြင်းထန်သည့် ရောဂါလက္ခဏာများနှင့် COVID-19 ကူးစက်ခံထားရကြောင်း Royal Household Bureau က ၂၀၂၂ခုနှစ် ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

တော်ဝင်မိသားစု ဆရာဝန်များက ဘုရင် မဟာဗာဂျီယာလောင်ကွန်းနှင့် မိဖုရား စုသီဒါတို့ကို ကိုရိုနာဗိုင်းရပ်စ်ရှိ မရှိ စစ်ဆေးခဲ့ရာ နှစ်ဦးလုံးတွင် ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း တွေ့ခဲ့သည်။ 

၎င်းတို့၏ COVID-19 လက္ခဏာများမှာ မပြင်းထန်ကြောင်း Royal Household Bureau က ပြောသည်။

ဆေးဘက်ဆိုင်ရာအဖွဲ့က ဘုရင်နှင့်မိဖုရားကို ဆေးဝါးများပေးထားပြီး လုပ်ငန်းတာဝန်များမှ အနားယူကာ အခမ်းအနားများ တက်ရောက်ခြင်းမပြုရန် အကြံပြုထားကြောင်း သိရသည်။ 

အသက် (၇၀) နှစ်အရွယ် ဘုရင်ဗာဂျီယာလောင်ကွန်းနှင့် အသက် (၄၄) နှစ်အရွယ် မိဖုရားတို့က ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန်းအထိမ်းအမှတ်ဆေးရုံတွင် ကုသမှုခံယူနေရသည့် မင်းသမီး Bajrakitiyabha Narendiradebyavati ထံသို့ ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် သွားရောက်ကြည့်ရှုခဲ့ကြသည်။

ချူလာလောင်ကွန်းဆေးရုံတွင် ရာနှင့်ချီသော ပြည်သူလူထုက ဘုရင်နှင့်မိဖုရားကို တွေ့ဆုံနှုတ်ဆက်ရန် မင်းသမီး Bajrakitiyabha နေပြန်ကောင်းရေးအတွက် ဆုတောင်းပေးရန် စုရုံးရောက်ရှိနေခဲ့ကြသည်ဟု ဆိုသည်။ 

အသက် (၄၄) နှစ်အရွယ် ထိုင်းတော်ဝင်မင်းသမီးမှာ Nakhon Ratchasima မြို့ Pak Chong ခရိုင်တွင် သူမ၏ခွေးများကို လေ့ကျင့်သင်ကြားပေးနေစဥ် နှလုံးရောဂါကြောင့် သတိလစ်သွားခဲ့ပြီးနောက် ဆေးရုံတွင် ကုသမှုခံယူနေရသည်။

မင်းသမီး Bajrakitiyabha မှာ ဘုရင်ဗာဂျီယာလောင်ကွန်း၏ အကြီးဆုံးသမီးဖြစ်ပြီး ၁၉၇၇ ခုနှစ်တွင် လက်ထပ်ခဲ့သည့် ၎င်း၏ ပထမဆုံးဇနီးဖြစ်သူ မင်းသမီး Soamasawali နှင့် ရရှိခဲ့သည့် ကလေးဖြစ်သည်။ 

ဗာဂျီယာလောင်ကွန်းနှင့် ယခုအခါ အသက် (၆၅) နှစ်အရွယ် Soamasawali တို့က ၁၉၉၁ ခုနှစ်တွင် ကွာရှင်းခဲ့ကြကြောင်း သိရသည်။

Source: Bangkok Post