တာချီလိတ်မြို့တွင် Quarantine ထားသည့် အဖွဲ့ထဲက (၄)လသားအရွယ် ကလေးငယ် အပါအဝင် (၂)ဦးတွင် Covid-19 ပိုးတွေ့

တာချီလိတ်မြို့တွင် Quarantine ထားသည့် အဖွဲ့ထဲက (၄)လသားအရွယ် ကလေးငယ် အပါအဝင် (၂)ဦးတွင် Covid-19 ပိုးတွေ့
ဇွန် 28, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံဘက်မှ ပြစ်ဒဏ်စေ့ပြန်လွှဲလာသူများအား အသွားအလာကန့်သတ်ထားပြီး COVID 19 စစ်ဆေးနေရာ ၂၀၂၁ ခုနှစ် ဇွန်လ (၂၈) ရက်နေ့တွင် ကလေးတစ်ဦးအပါအဝင် အတည်ပြုလူနာ (၂) ဦးထပ်တွေ့သဖြင့် အဆိုပါအဖွဲ့တွင် စုစုပေါင်း အတည်ပြုလူနာ (၈၇) ဦးရှိပြီဖြစ်သည်။ 

COVID 19 တတိယလှိုင်းဖြစ်နေသည့် ထိုင်းနိုင်ငံရှိ အကျဉ်းထောင်အသီးသီးမှ ပြစ်ဒဏ်စေ့ (၁၀၉) ဦးကို ဇွန်လ (၁) ရက်နေ့က တာချီလိတ်မြို့သို့ လွှဲပြောင်းစဉ်က အတည်ပြုလူနာ (၇) ဦးတွေ့ရသဖြင့် ကျန်သူများကိုလည်း မိုးကုတ်ဝိပဿနာ Quarantine Center တွင် အသွားအလာကန့်သတ်ထားခြင်းဖြစ်သည်။

တာချီလိတ်မြို့သို့ ၂၀၂၁ခုနှစ် ဇွန်လ(၁)ရက်နေ့က ထိုင်းနိုင်ငံဘက်မှ လွှဲပြောင်းပေးလာသည့် ပြစ်ဒဏ်စေ့မြန်မာနိုင်ငံသား (၁၀၉)ဦးကို ချစ်ကြည်ရေး အမှတ်(၂)တံတား တာချီလိတ်ဘက်တွင် Covid-19 စစ်ဆေးရာ (၁၀၉)ဦးအနက် (၇)ဦးတွင် ပိုးတွေ့ရပြီး  ဇွန်လ(၃)ရက်နေ့ နံနက်(၃)နာရီဝန်းကျင်အချိန်က (၁)ဦး ထွက်ပြေးသွားသည့်အတွက် ကျန်ရှိသည့် (၁၀၁)ဦးကို ဇွန်လ(၄)ရက်နေ့က စစ်ဆေးရာ  (၃၀)ဦး၊  ဇွန်လ(၁၁)ရက်နေ့တွင်   (၄၅)ဦး၊ ဇွန်လ(၂၁)ရက်နေ့တွင်  (၃)ဦး နှင့် ယနေ့ ဇွန်လ(၂၈)ရက်နေ့တွင် (၂)ဦးတို့တွင် Covid-19 တွေ့ရှိရသည့် အတွက် အဆိုပါ ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသားများထဲက စုစုပေါင်း (၈၇)ဦးတွင် Covid-19 တွေ့ရှိထားရခြင်း ဖြစ်သည်။

လက်ရှိတွင် အဆိုပါပြစ်ဒဏ်စေ့လွှဲပြောင်းအဖွဲ့မှ အသွားအလာကန့်သတ်ထားစဉ် ထွက်ပြေး လွတ်မြောက်သွားပြီး ဖမ်းဆီးမရမိသေးသူ (၂) ဦးရှိပြီး ကျန်ပိုးမတွေ့ရသည့် (၂၀) ဦးကို ဆက်လက်၍ အသွားအလာကန့်သတ်ထားကာ ထပ်မံစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။



တာချီလိတ်မြို့တွင် အသွားအလာကန့်သတ်ထားသူ (၂) ဦးအပြင် မြို့တွင်း သွားလာနေသည့် ထိုင်းအမျိုးသမီး (၁)ဦးတွင်လည်း COVID 19 ပိုးတွေ့ရသဖြင့် ဇွန်လ (၂၈) ရက်နေ့တွင် အတည်ပြုလူနာ (၃) ဦးတွေ့ရခြင်းဖြစ်သည်။