တာချီလိတ်မြို့တွင် Covid-19 ပိုးတွေ့သူအချို့ တစ်ပတ်အတွင်း သွားလာမှုများ နှင့် အလုပ် လုပ်ကိုင်သည့် နေရာများကို အမှန်မဖြေသူများ ရှိနေ

တာချီလိတ်မြို့တွင် Covid-19 ပိုးတွေ့သူအချို့ တစ်ပတ်အတွင်း သွားလာမှုများ နှင့် အလုပ် လုပ်ကိုင်သည့် နေရာများကို အမှန်မဖြေသူများ ရှိနေ
ဇူလိုင် 5, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်း ကာလအတွင်း  ဆေးရုံဟောင်းတွင် လာရောက်စစ်သူများ Covid-19 တွေ့ရသည့်အခါ တစ်ပတ်အတွင်း သွားလာမှုများနှင့် အလုပ် လုပ်ကိုင်ရာနေရာများကို အမှန်မပြောကြသူများရှိနေကြောင်း သိရသည်။

ဆေးရုံဟောင်းမှာ လာစစ်တဲ့အထဲက ပိုးတွေ့သူတွေထဲမှာ တချို့ဆိုရင် ဟိုတယ်က လာစစ်ခိုင်းတာတွေလည်းရှိတယ်။   ပိုးတွေ့ရင် ဘယ်က ဆိုတာ မပြောနဲ့ဆိုတာမျိုးပါ ပြောပြီး သွားစစ်ခိုင်းတာပေါ့။ အမည်မထုတ်ဖော်တဲ့ ထိတွေ့တွေထဲကပဲ

ဟု ဟိုတယ်ဝန်ထမ်းတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပိုးတွေ့ အတည်ပြုလူနာများအနေဖြင့် ကျန်းမာရေးနှင့်သက်ဆိုင်ရာများမှ မေးမြန်းသည့်အခါ အမှန်ကို ပြောဖို့ လိုကြောင်း ဆိုသည်။

လာစစ်လို့ Covid-19 ပိုးတွေ့ပြီဆိုတာနဲ့ ထိတွေ့တွေကို သေချာပြောမှ ကျွန်တော်တို့က သိမှာ။ သိမှလည်း အသွားအလာကန့်သတ်တာတို့။ ပိုးစစ်တာတို့ လုပ်ရမှာ။ ထိတွေ့မှုတွေ တစ်ပတ်အတွင်း သွားလာမှုတွေ၊ ဘယ်မှာ အလုပ် လုပ်တာလဲဆိုတာတွေကို  အမှန်မပြောရင်၊ အခက်တွေ့နိုင်ပါတယ်။ အဲ့ဒါကြောင့် ပိုးတွေ့ပြီဆိုတာနဲ့ အမှန်ပြောပြဖို့ လိုပါတယ်

ဟု ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် Covid-19 အတည်ပြုလူနာ များလာနေပြီး ပိုးတွေ့သူများမှာ KTV နှင့် ဟိုတယ်များမှ ဖြစ်သည့်အတွက် တာချီလိတ်မြို့ ဆေးရုံဟောင်းအတွင်းရှိ Fever Clinic တွင် နေ့စဉ် နံနက်(၈)နာရီကစ၍ မည်သူမဆို လာရောက်၍ စစ်ဆေးနိုင်ကြောင်းလည်း သက်ဆိုင်ရာများက အသိပေးထားရှိသည်။

တာချီလိတ်မြို့တွင် ဇွန်လ(၂၈)ရက်နေ့မှ ဇူလိုင်လ(၄)ရက်နေ့ ညပိုင်းအထိ Covid-19 အတည်ပြုလူနာ စုစုပေါင်း (၆၉)ဦးအထိ တွေ့ရှိထားသည်။