တရုတ်တွင် COVID ကန့်သတ်ချက်များ ဖြေလျှော့ မပေးမီကတည်းက ကူးစက်မှုများ သိသာစွာ မြင့်တက်နေခဲ့ဟု WHO တာဝန်ရှိသူပြော

တရုတ်တွင် COVID ကန့်သတ်ချက်များ ဖြေလျှော့ မပေးမီကတည်းက ကူးစက်မှုများ သိသာစွာ မြင့်တက်နေခဲ့ဟု WHO တာဝန်ရှိသူပြော
By Mr John

တရုတ်နိုင်ငံတွင် အစိုးရက ၎င်း၏ တင်းကြပ်ပြင်းထန်သော "zero-COVID" မူဝါဒကို စွန့်လွှတ်ပြီး စည်းမျဥ်းကန့်သတ်ချက်များ ဖြေလျှော့မပေးမီကတည်းက COVID-19 ကူးစက်မှုများ သိသိသာသာ မြင့်တက်နေခဲ့ကြောင်းနှင့် ရုတ်တရက် လုပ်ဆောင်လိုက်သည့် အပြောင်းအလဲကြောင့် ကူးစက်မှုများ တစ်ဟုန်ထိုးမြင့်တက်လာခြင်းဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ World Health Organization (WHO) ညွှန်ကြားရေးမှူးတစ်ဦးက သုံးသပ်ပြောကြားသည်။

တရုတ်တွင် အစိုးရက ကန့်သတ်ချက်များ ဖြေလျှော့ မပေးမီ ကာလအတန်ကြာကတည်းက ကူးစက်မှုများ အကြီးအကျယ် ပျံ့နှံ့နေခဲ့သည်ဟု WHO ၏ အရေးပေါ်ဆိုင်ရာ ညွှန်ကြားရေးမှူး မိုက်ခ်ရိုင်ယန်က မှတ်ချက်ပြုခဲ့သည်။ 

ယခုအချိန်တွင် တရုတ်အာဏာပိုင်များက ကန့်သတ်ချက်များကို သိသာစွာ ဖြေလျှော့လိုက်ပြီးနောက် ကပ်ရောဂါကူးစက်မှုကို ရုတ်တရက် မထိန်းချုပ်ဖြစ်လာကြောင်း ပြောဆိုမှုများရှိနေသည်ဟု ၎င်းကဆိုသည်။

"ရောဂါက အကြီးအကျယ် ကူးစက်ပျံ့နှံ့နေတယ်။ သူတို့ရဲ့ ထိန်းချုပ်ရေး စီမံဆောင်ရွက်မှုတွေက ရောဂါကို မရပ်တန့်နိုင်ခဲ့တာကြောင့်လို့ ကျွန်တော် ထင်ပါတယ်။ ပြီးတော့ တရုတ်အစိုးရက သူတို့ရဲ့ zero-COVID မူဝါဒက အကောင်းဆုံးရွေးချယ်မှု မဟုတ်တော့ဘူးလို့ ဗျူဟာကျကျ ဆုံးဖြတ်ခဲ့တယ်လို့ ယူဆပါတယ်" ဟု မိုက်ခ်ရိုင်ယန်က ပြောသည်။ 

COVID-19 စည်းမျဥ်းကန့်သတ်ချက်များကို တဖြည်းဖြည်းချင်းမဟုတ်ဘဲ ရုတ်တရက် ဖြေလျှော့လိုက်ပြီးနောက် တရုတ်တွင် ကူးစက်မှုများ လတ်တလော တစ်ဟုန်ထိုးမြင့်တက်နေကြောင်း သိရသည်။

Source: Reuters