ဘန်ကောက်တွင် ရွှေထည်များ အလစ်သုတ်ပြီး ရဲအရာရှိ၏ အိမ်ခြံဝင်းအတွင်း ပုန်းအောင်းနေသည့် မြန်မာတစ်ဦးကို ဖမ်းဆီး

ဘန်ကောက်တွင် ရွှေထည်များ အလစ်သုတ်ပြီး ရဲအရာရှိ၏ အိမ်ခြံဝင်းအတွင်း ပုန်းအောင်းနေသည့် မြန်မာတစ်ဦးကို ဖမ်းဆီး
ဒီဇင်ဘာ 25, 2022 | နိုင်ငံတကာသတင်း
By Mr John

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Bang Bon ခရိုင်ရှိ ရွှေဆိုင်တစ်ဆိုင်မှ ဘတ် (၁၅၀,၀၀၀) တန်ဖိုးရှိ ရွှေထည်များ အလစ်သုတ် ယူဆောင်သွားပြီးနောက် ရဲတပ်ဖွဲ့အရာရှိတစ်ဦး၏ နေအိမ်ခြံဝင်းအတွင်း ဝင်ရောက်ပုန်းအောင်းနေသည့် မြန်မာအလုပ်သမားတစ်ဦးကို ဒီဇင်ဘာလ (၂၄) ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ 

Nai Liang ဈေးတွင် ဖွင့်လှစ်ထားသည့် Thai Siri ရွှေဆိုင်မှ ဝန်ထမ်းဖြစ်သူ Pilaiwan Chalaemchart က ရွှေလက်ကောက် (၅) ကွင်း အလစ်သုတ်ခံရကြောင်း Bang Khunthian ရဲစခန်းသို့ နံနက် (၁၀) နာရီဝန်းကျင်တွင် တိုင်ကြားခဲ့သည်။

သူမ၏ ပြောကြားမှုအရ mask တပ်ထားသည့် အမျိုးသားတစ်ဦး ဆိုင်အတွင်းက ဝင်ရောက်လာပြီး ခင်းကျင်းပြသထားသည့် ရွှေထည်များအနက်မှ လက်ကောက်များကို ပြသရန် ပြောခဲ့ကြောင်း သိရသည်။ 

ထို့နောက် အဆိုပါ အမျိုးသားက လက်ကောက်များကို ဆွဲယူပြီး ဈေးအတွင်းသို့ ထွက်ပြေးသွားခဲ့ကြောင်း ရွှေဆိုင်ဝန်ထမ်း Pilaiwan က ပြောသည်။

ရဲတပ်ဖွဲ့က ရွှေလက်ကောက်များ အလစ်သုတ် ယူဆောင်ထွက်ပြေးသွားသည့် အမျိုးသားကို လိုက်လံရှာဖွေနေစဥ် တာဝန်သိပြည်သူတစ်ဦးထံမှ မသင်္ကာဖွယ် လူတစ်ဦး ၎င်း၏ အဝတ်အစားများလဲလှယ် ဝတ်ဆင်ပြီး ဈေးအနီးရှိ နေအိမ်တစ်အိမ်၏ ခြံဝင်းအတွင်းသို့ ပြေးဝင်သွားသည်ကို တွေ့ခဲ့ရကြောင်း သတင်းပေးလာခဲ့သည်။ 

ရွှေလက်ကောက်များ အလစ်သုတ်သွားသည့် အမျိုးသားက ထိုနေအိမ်မှာ ပြည်နယ်ရဲတပ်ဖွဲ့ နယ်မြေ (၇) ၏ လက်ထောက်ရဲမင်းကြီး ရဲဗိုလ်ချုပ် Varayuth Sukhawat ၏ နေအိမ်ဖြစ်ကြောင်း မသိရှိခဲ့ဟု ဆိုသည်။

ရဲတပ်ဖွဲ့က ရဲအရာရှိ နေအိမ်ခြံဝင်းအတွင်းသို့ ဝင်ရောက်ရှာဖွေရာ ရွှေထည်များ အလစ်သုတ်သွားသူအဖြစ် သံသယရှိသူကို မြေပြင်မှ (၁၀) ပေခန့် အမြင့်ရှိသည့် သစ်ပင်တစ်ပင်ပေါ်တွင် ပုန်းအောင်းနေသည်ကို တွေ့ရှိခဲ့သည်။ 

ရဲတပ်ဖွဲ့က ထိုအမျိုးသားကို ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းမှုအရ ၎င်းမှာ အသက် (၃၀) နှစ်အရွယ် Tat Au ဆိုသူဖြစ်ပြီး Bang Kae ခရိုင်ရှိ အထည်အလိပ်စက်ရုံတစ်ရုံတွင် အလုပ်လုပ်ကိုင်ခဲ့ကြောင်းနှင့် တစ်လလျှင် ဘတ် (၅,၀၀၀) ရရှိကြောင်း သိရသည်။ 

ထိုပမာဏမှာ ထိုင်းနိုင်ငံတွင် သတ်မှတ်ပြဌာန်းထားသည့် အနိမ့်ဆုံး လုပ်ခထက် များစွာလျော့နည်းနေသည်ဟု ဆိုသည်။

အဆိုပါ မြန်မာအလုပ်သမားက မြန်မာနိုင်ငံရှိ ၎င်း၏မိသားစုကို ထောက်ပံ့ရန် အတိုးဖြင့် ငွေချေးသူထံမှ ဘတ် (၇၀,၀၀၀) ချေးယူထားခဲ့သည်ဟု ထွက်ဆိုသည်။ 

အတိုးဖြင့် ငွေချေးသူကို တစ်လလျှင် ဘတ် (၃,၀၀၀) ပေးရန် မတတ်နိုင်ဖြစ်လာခဲ့ရာမှ ရွှေထည်များ အလစ်သုတ် ခိုးယူရန် ဆုံးဖြတ်ခဲ့ကြောင်း မြန်မာအလုပ်သမားက ပြောသည်။

ရဲတပ်ဖွဲ့က မြန်မာအလုပ်သမားကို ဖမ်းဆီးမိစဥ် ၎င်းထံ၌ ရွှေလက်ကောက် (၃) ကွင်း တွေ့ရှိခဲ့ရပြီး ကျန်ရှိသည့် လက်ကောက် (၂) ကွင်းမှာ ဈေးအတွင်း ထွက်ပြေးစဥ် ကျပျောက်ခဲ့သည်ဟု ဆိုသည်။ 

အဆိုပါ မြန်မာအလုပ်သမားကို နောက်ထပ် စုံစမ်းစစ်ဆေးမှုများအတွက် Bang Khunthian ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

Source: Bangkok Post