မိုင်းယောင်းမြို့နယ်အုပ်ချုပ်ရေးမှူး၏ ဇနီး ပညာရေးဝန်ထမ်းက ရုံးမတက်ဘဲ လစာငွေ ထုတ်ယူနေ

မိုင်းယောင်းမြို့နယ်အုပ်ချုပ်ရေးမှူး၏ ဇနီး ပညာရေးဝန်ထမ်းက ရုံးမတက်ဘဲ လစာငွေ ထုတ်ယူနေ
ဒီဇင်ဘာ 9, 2022 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊   မိုင်းယောင်းမြို့တွင် မြို့နယ်ပညာရေးမှူးရုံး၏ ဝန်ထမ်းဖြစ်သည့် မြို့နယ်အုပ်ချုပ်ရေးမှူး၏ ဇနီးက ရုံးချိန်များတွင် ရုံးတက်ခြင်းမရှိဘဲ လစဉ် လစာငွေများ ထုတ်ယူနေလျှက်ရှိကြောင်း သိရသည်။

 မြို့နယ်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစိုးသက်ဆွေ၏ ဇနီး ဒေါ်မျိုးအေးချိုသည် မိုင်းယောင်းမြို့နယ်ပညာရေးမှူးရုံးတွင် ကွန်ပျူတာလုပ်ဆောင်ရေးမှူးအဖြစ် တာဝန်ကျသည့် ဝန်ထမ်းဖြစ်နေပြီး ၎င်း၏ ယောက်ျား၏ အာဏာကို အလွဲသုံးစားပြုကာ ရုံးမတက်ဘဲ လစာငွေကို လစဉ် ရယူနေခြင်း ဖြစ်ကြောင်း သိရသည်။

"ယောင်္ကျားရဲ့ အာဏာ ပါဝါကို အလွှဲသုံးစားလုပ်ပြီး မိုင်းယောင်း ပညာရေးရုံးကို စပြီး တာဝန်ကျကတည်းက အလုပ်(၁)ရက်တောင် ဝင်ရောက်ချင်း မရှိဘူး။ ယောင်္ကျားရဲ့ အလုပ်ခွင်တိုင်းမှာ ရှိနေတယ်။ သူက ရုံးတော့ ပုံမှန်မတက်ပေမဲ့ လကုန်ရင်တော့ သူ့ယောင်္ကျားရဲ့ တပည့်တွေနဲ့ လစဉ်လတိုင်း လစာ ထုတ်ခိုင်း နေတယ်။  ရုံးတစ်ရက်မှလည်း လာမတက်ဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူး ကတော် ဆိုတော့လည်း မပြောရဲကြဘူးပေါ့"ဟု လုံခြုံရေးရ အမည်မဖော်လိုသူ တစ်ဦးက Tachileik News Agency သို့ ၂၀၂၂ခုနှစ် ဒီဇင်ဘာလ(၉)ရက်နေ့တွင် ပြောသည်။

မြို့နယ်အုပ်ချုပ်ရေးမှူး၏ ဇနီး ပညာရေးမှူးရုံးဝန်ထမ်း ကိုယ်တိုင်က တာဝန်ပျက်ကွက်ပြီး ရုံးတက်ရက်မှ မတက်ရောက်ခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူးက မည်သို့မှ ပြောဆိုခြင်းမရှိဘဲ အခြားဌာနများ ရုံးပုံမှန်တက်ကြရန် နှင့် တာဝန်ပျက်ကွက်မှုမရှိကြရန်ကိုတော့ တိုက်တွန်းပြောဆိုနေလျှက်ရှိသည်ဟု သိရသည်။

#TachileikNewsAgency