Oximeter များ သတိထားဝယ်ယူကြရန် COVID 19 အတည်ပြုလူနာတစ်ဦးက သတိပေး

Oximeter များ သတိထားဝယ်ယူကြရန် COVID 19 အတည်ပြုလူနာတစ်ဦးက သတိပေး
ဇူလိုင် 19, 2021 | Covid-19| ရှမ်းရှေ့

ကုသမှုလုံလောက်စွာ မရ၍ နေအိမ်တွင် ကိုယ်တိုင်ကုသနေရသည့် COVID 19 အတည်ပြုလူနာများအနေဖြင့် ဈေးကွက်မှ Oximeter များ ဝယ်ယူရာတွင် အရည်အသွေးမှန်သည့် အမျိုးအစားကို လေ့လာဝယ်ယူကြရန် လက်ရှိတွင် တာချီလိတ် ဆေးရုံ COVID 19 ကုသဆောင်တွင်ရောက်နေသည့် အတည်ပြုလူနာတစ်ဦးက သတိပေးထားသည်။

"ကျွန်တော်က အာခါဈေးနားက ဆေးဆိုင်ကနေ ဝယ်လာတာ။ တစ်ခုကို ဘတ် (၂၅၀)ပေးရတယ်။ တံဆိပ် မပါဘူး။ အဲဒါနဲ့ပဲ တိုင်းနေတာ ဘယ်ချိန်တိုင်းတိုင်း အောက်ဆီဂျင်က ၉၅ ပတ်လည်ချည်းပဲ။ အဲဒါနဲ့ ကိုဗစ် မဟုတ်ဘူးဆိုပြီး နေ နေတာ။ ချောင်းဆိုးတာလည်း မသက်သာလို့ ဆရာဝန်က စစ်ခိုင်းလို့ စစ်ကြည့်တော့မှ ကိုဗစ် ဖြစ်နေတာ။ ဆေးရုံက အောက်ဆီဂျင်တိုင်းတာနဲ့ တိုင်းကြည့်တော့ ၈၀ ပဲရှိတယ်။ ကျွန်တော်ဝယ်ထားတာနဲ့ တိုင်းကြည့်တော့ ၉၅ ပဲပြတယ်။ အဲဒါအတည်ယူပြီး ဆေးရုံရောက်နောက်ကျရင် သေနိုင်တယ်။ ကျွန်တော့်လို အဲလိုမီတာ (oximeter) ဝယ်ပြီး စိတ်ချနေပြီး ဆေးရုံရောက် နောက်ကျမှာစိုးလို့ ပြောပြချင်တာ။ အရည်အသွေးကောင်းတာဝယ်ကြပါ"ဟု လက်ရှိ ကုသမှုခံယူဆဲ COVID 19 အတည်ပြုလူနာက တာချီလိတ်သတင်းအေဂျင်စီမှတစ်ဆင့် အသိပေးထားသည်။



COVID 19 တတိယလှိုင်းကို ကာကွယ်ထိန်းချုပ်ကုသမှုလုံလောက်စွာ မရကြသည့်အတွက် မိမိနေအိမ်တွင် ကုသနေကြရသည့် အတည်ပြုလူနာအများအပြားရှိနေပြီး လူနာ၏ အောက်ဆီဂျင်လိုအပ်ချက်ကို oximeter များဖြင့် တိုင်းတာနေကြရခြင်းဖြစ်သည်။



လက်ရှိအခြေအနေအရ COVID 19 အတည်ပြုလူနာများနှင့် ထိတွေ့သူများအား ယခင်ကဲ့သို့ ရှာဖွေဖေါ်ထုတ်၍ အသွားအလာကန့်သတ်ကာ မစစ်ဆေးပေးနိုင်ခြင်းကြောင့် COVID 19 ကူးစက်ထားသော်လည်း လက္ခဏာ မပြသူများမှ ပုံမှန်အတိုင်း သွားလာနေရာမှ ရောဂါပျံ့ပွားနေနိုင်မှုများကြောင့် COVID 19 ကူးစက်ခံထားရသူအရေအတွက်မှာ လက်ရှိစစ်ဆေးတွေ့ရှိထားသည်ထက် အဆပိုများနေနိုင်သည်ဟု ကျန်းမာရေးပညာရှင်များက ခန့်မှန်းထားကြသည်။



ယခင်ကဲ့သို့ အတည်ပြုလူနာများအား ကုသမှုလုံလောက်စွာပေးနိုင်ခြင်းမရှိဘဲဖြစ်နေချိန်တွင် အတည်ပြုလူနာများအနေဖြင့် နေအိမ်တွင် ကိုယ်တိုင်ကုသကြရာ၌ နီးစပ်ရာဆရာဝန်များ၊ ကျန်းမာရေးပညာရှင်များကို ဆက်သွယ်၍ညွန်ကြားချက် ရယူကြရန်ကိုလည်း တိုက်တွန်းထားကြသည်ကို တွေ့ရသည်။