ရည်စားဟောင်း၏ ခင်ပွန်းလောင်းနေအိမ်ကို မီးရှို့ခဲ့သည့် စင်ကာပူအမျိုးသား ထောင်ဒဏ် ချမှတ်ခံရ

ရည်စားဟောင်း၏ ခင်ပွန်းလောင်းနေအိမ်ကို မီးရှို့ခဲ့သည့် စင်ကာပူအမျိုးသား ထောင်ဒဏ် ချမှတ်ခံရ
ဒီဇင်ဘာ 9, 2022 | နိုင်ငံတကာသတင်း
By Mr John

 စင်ကာပူနိုင်ငံတွင် ရည်းစားဟောင်း၏ မင်္ဂလာပွဲနေ့၌ သတို့သားလောင်းဖြစ်သူ၏ နေအိမ်ကို မီးရှို့ခဲ့သည့် အမျိုးသားတစ်ဦးကို ဒီဇင်ဘာလ (၉) ရက်နေ့က ထောင်ဒဏ် (၆) လ ချမှတ်လိုက်ကြောင်း သိရသည်။ 

အသက် (၃၀) နှစ်အရွယ် Surenthiran Sugumaran အမည်ရှိ အမျိုးသားက ရည်းစားဟောင်း၏ ခင်ပွန်းလောင်း နေထိုင်သည့် တိုက်ခန်းကိုလည်း စက်ဘီးသော့ဖြင့် သော့ခတ်ပိတ်ထားခဲ့ပြီး တိုက်ခန်းအပြင်ဘက်ရှိ ဖိနပ်စင်ကို ဓာတ်ဆီလောင်းကာ မီးရှို့ခဲ့သည်။

၎င်းက ပြီးခဲ့သည့် အောက်တိုဘာလတွင် အန္တရာယ်ဖြစ်စေသည့် မီးရှို့မှုအတွက် အပြစ်ရှိကြောင်း ဝန်ခံထွက်ဆိုခဲ့ပြီး သော့ခတ်ပိတ်ထားမှုဖြင့်လည်း ပြစ်ဒဏ်ချမှတ်ရန် တရားရုံးက စဥ်းစားနေကြောင်း သိရသည်။ 

တရားရုံး ကြားနာစစ်ဆေးမှုအရ Surenthiran က ၎င်း၏ ရည်းစားဟောင်းမှာ နောက်တစ်နေ့တွင် မင်္ဂလာဆောင်တော့မည်ကို Instagram ပို့စ်တစ်ခုမှတစ်ဆင့် သိရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့နောက် ဒေါသထွက်ပြီး သဝန်တိုစိတ်ကြောင့် ရည်းစားဟောင်း၏ ခင်ပွန်းလောင်း၏ တိုက်ခန်းကို သော့ခတ်ပိတ်ထားရန် စီစဥ်ခဲ့ပြီး မင်္ဂလာပွဲသို့ မသွားနိုင်ရန် မီးရှို့ခဲ့ခြင်း ဖြစ်သည်။ 

Surenthiran က ပုလင်းလွတ်တစ်လုံးတွင် ဓာတ်ဆီဖြည့်ပြီး ၂၀၂၂ ခုနှစ် မတ်လ (၁၂) နံနက်အစောပိုင်းတွင် Jurong West ရှိ သတို့သားလောင်း၏ နေအိမ်သို့ ထွက်လာခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့၏ လုံခြုံရေးကင်မရာများကို ရှောင်ရှားရန် ၎င်းက မျက်နှာကို ဖုံးအုပ်ထားခဲ့ပြီး တိုက်ခန်း၏ (၁၂) ထပ်သို့ ဓာတ်လှေခါးဖြင့် တက်ရောက်သွားခဲ့ကာ (၁၃) ထပ်သို့ ရိုးရိုးလှေခါးမှ ဆက်တက်သွားခဲ့ခြင်း ဖြစ်သည်။ 

ရည်းစားဟောင်း၏ သတို့သားလောင်း တိုက်ခန်းရှေ့သို့ ရောက်ရှိချိန်တွင် တိုက်ခန်းတံခါးကို စက်ဘီးသော့ဖြင့် သော့ခတ်ပိတ်ထားပြီး အပြင်ဘက်ရှိ ဖိနပ်စင်ကို ဓာတ်ဆီလောင်း မီးရှို့ခဲ့သည်။

ထို့နောက် Surenthiran က (၁၂) ထပ်သို့ ရိုးရိုးလှေခါးအတိုင်း ပြန်ဆင်းသွားပြီး မြေညီထပ်သို့ ဓာတ်လှေခါးဖြင့် ဆက်သွားခဲ့ကြောင်းနှင့် အိမ်မပြန်မီ မီးခြစ်ကို ချုံပုတ်များအတွင်းသို့ လွှင့်ပစ်ထားခဲ့ကြောင်း သိရသည်။ 

ဖိနပ်စင်ကို မီးရှို့မှုကြောင့် ရှူးဖိနပ် (၆) ရံနှင့် ကွင်းထိုးဖိနပ်တစ်ရံ မီးလောင်ပျက်စီးခဲ့ပြီး နစ်နာသူအနေဖြင့် ခန့်မှန်းခြေ စင်ကာပူဒေါ်လာ (၄၁၀) ဆုံးရှုံးခဲ့သည်။

Source: CNA