ဘတ်သန်းများစွာရယူပြီး သံသယရှိ တရုတ်နိုင်ငံသား ၁၁ ဦးကို လွှတ်ပေးသည့် ရဲ၊အထူးစုံစမ်းစစ်ဆေးရေးနှင့် စစ်သားတစ်ဦးအပါအဝင် ၁၆ ဦး တရားစွဲခံရ

ဘတ်သန်းများစွာရယူပြီး သံသယရှိ တရုတ်နိုင်ငံသား ၁၁ ဦးကို လွှတ်ပေးသည့် ရဲ၊အထူးစုံစမ်းစစ်ဆေးရေးနှင့် စစ်သားတစ်ဦးအပါအဝင် ၁၆ ဦး တရားစွဲခံရ
By Mr John

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ကောင်စစ်ဝန်ချုပ်ဟောင်းတစ်ဦး၏‌ နေအိမ်ကိုစီးနင်းမှုအတွင်း သံသယရှိ တရုတ်နိုင်ငံသား (၁၁)ဦးကို ဘတ်သန်းများစွာငွေကြေးရယူပြီး ပြန်လွှတ်ပေးမှုဖြင့် သံသယရှိသည့် ရဲ၊ အထူးစုံစမ်းစစ်ဆေးရေးအရာရှိနှင့် စစ်သားတစ်ဦးအပါအဝင် စုစုပေါင်း ၁၆ ဦးကို တရားစွဲဆိုထားကြောင်း သိရသည်။

အထူးစုံစမ်းစစ်ဆေးရေးအရာရှိ (၅) ဦးနှင့် ရဲတပ်ဖွဲ့မှ လှည့်ကင်းနှင့်အထူးစစ်ဆင်ရေးဌာနခွဲမှ ရဲအရာရှိ (၂) ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် (၉) ဦး၊ စစ်သားတစ်ဦးနှင့် တရုတ်နွယ်ဖွား စကားပြန်တစ်ဦးတို့က ခြိမ်းခြောက်ငွေတောင်းမှုတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ ဒုရဲချုပ် ရဲဗိုလ်ချုပ်ကြီး Surachate Hakparn က ပြောကြားထားသည်။

နာအူရူနိုင်ငံ (Republic of Nauru) ကောင်စစ်ဝန်ချုပ်ဟောင်းတစ်ဦး၏ ဘန်ကောက်ရှိနေအိမ်တွင် တရုတ်နိုင်ငံသားများ တရားမဝင်လုပ်ငန်းများလုပ်ကိုင်နေသည်ဟု နိုင်ငံရေးသမားဟောင်းတစ်ဦးက ပို့စ်ရေးတင်ခဲ့ပြီးနောက် လွန်ခဲ့သည့်လအတွင်းက အဆိုပါနေအိမ်ဝန်းအား ဝင်ရောက်စီးနင်းခဲ့ကြခြင်းဖြစ်သည်။

အဆိုပါစီးနင်းမှုအတွင်း နိုင်ငံတကာရဲတပ်ဖွဲ့၏ နိုင်ငံတကာမှဖမ်းဆီးခွင့်ဝရမ်းထုတ်ထားသည့် တရုတ်နိုင်ငံသားတစ်ဦးအပါအဝင် စုစုပေါင်း တရုတ်နိုင်ငံသား (၁၁)ဦးကို ဘတ်ငွေ (၈)သန်းနှင့်အတူ ရှာဖွေတွေ့ခဲ့ရသော်လည်း တရုတ်အိမ်ဖေါ်တစ်ဦးနှင့် ဘတ် (၂)သန်းခွဲကိုသာ ရဲစခန်းကိုအပ်နှံခဲ့ပြီး အဆိုပါ တရုတ်အမျိုးသမီးကို တရားဝင်အထောက်အထားမရှိမှုဖြင့် စွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

စီးနင်းမှုအတွင်းပါဝင်သည့်အရာရှိများက တရုတ်နိုင်ငံသား (၁၁)ဦးကို ဘတ် (၅)သန်းခွဲရယူပြီး လွှတ်ပေးလိုက်သည့်အပြင် နောက်ထပ် ဘတ် (၄)သန်းကိုပါ ထပ်မံတောင်းခံခဲ့သည်ဟု စွပ်စွဲခံထားရသည်။

ငွေကြေးရယူမှုမရှိကြောင်း ဖမ်းဆီးခံရသည့်အရာရှိများက ငြင်းဆိုထားကြသော်လည်း တရုတ်စကားပြန်ကမူ ဘတ်ငွေ (၄)သန်း လာဘ်ပေးမှုကို ဝန်ခံထွက်ဆိုထားကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း တရုတ်လူမျိုး အများအပြားကို တရားမဝင် နေထိုင်ခွင့်ပြုခြင်းနှင့် ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ဝင် (၈၀) ခန့်ကို စစ်ဆေးနေကြောင်းလည်း ရဲဗိုလ်ချုပ်ကြီး Surachate က ဆိုသည်။ 

ထိုင်းမြောက်ပိုင်းတွင် အလားတူအမှုပေါင်း (၁၀၀၀)ခန့်နှင့် အရှေ့မြောက်ပိုင်းတွင်လည်း အမှု (၃,၀၀၀) ခန့်ရှိကြောင်း သိရသည်။



Source: Bangkok Post