တောင်ကိုရီးယားနိုင်ငံသားများ အသက် (၁) နှစ် ပိုငယ်သွားကြတော့မည်

တောင်ကိုရီးယားနိုင်ငံသားများ အသက် (၁) နှစ် ပိုငယ်သွားကြတော့မည်
ဒီဇင်ဘာ 9, 2022 | နိုင်ငံတကာသတင်း
By Mr John

တောင်ကိုရီးယားနိုင်ငံတွင် လွှတ်တော်အမတ်များက လက်ရှိကျင့်သုံး‌နေသော လူတစ်ဦး၏အသက်ကို တွက်ချက်မှုနည်းလမ်း ပြင်ဆင်သတ်မှတ်ရန် ဥပဒေမူကြမ်းကို အတည်ပြုလိုက်ပြီဖြစ်ရာ တောင်ကိုရီးယားနိုင်ငံသားများ အသက် (၁) နှစ် ပိုငယ်သွားကြမည်ဟု ဆိုသည်။ 

တောင်ကိုရီးယားတွင် မွေးကင်းစကလေးများကို အသက် (၁) နှစ်အဖြစ် သတ်မှတ်လာခဲ့သည့်စနစ်အား ပယ်ဖျက်ရန် လွှတ်တော်က အတည်ပြုလိုက်ရာ နိုင်ငံသားအများစုမှာ အသက် (၁) နှစ် ပိုငယ်သွားကြမည်ဖြစ်သည်။

တောင်ကိုရီးယားလွှတ်တော်က အတည်ပြုလိုက်သည့် ဥပဒေမူကြမ်းအရ ယခင် ကျင့်သုံးလာခဲ့သော "Korean age" ခေါ် မွေးကင်းစကလေးကို အသက် (၁) နှစ်အဖြစ် သတ်မှတ်သည့် အသက်တွက်ချက်မှုစနစ်ကို ပယ်ဖျက်သွားမည်ဟု သိရသည်။ 

လူတစ်ဦး၏ အသက်ကို တွက်ချက်ရာတွင် တောင်ကိုရီးယား၏ အသက်တွက်ချက်မှုစနစ်နှင့် ကမ္ဘာ့နိုင်ငံအများစုတွင် အသုံးပြုနေသောစနစ်ကို နှိုင်းယှဥ်ကြည့်ပါက ပုံမှန်အားဖြင့် (၁) နှစ် သို့မဟုတ် (၂) နှစ်အထိပင် ကွာဟနေလေ့ရှိသည်။

တောင်ကိုရီးယားသမ္မတ Yoon Suk Yeol က သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဥ်ပြိုင်စဥ်က အဆိုပါ အသက်တွက်ချက်မှုစနစ်ကို ပြောင်းလဲလိုကြောင်း ပြောခဲ့ဖူးသည်။ 

ယခုအခါ လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်သည့် အသက်တွက်ချက်မှုစနစ် အပြောင်းအလဲမှာ လာမည့် ၂၀၂၃ ခုနှစ် ဇွန်လတွင် စတင်သက်ရောက်မည်ဟု သိရသည်။

"Korean age" ခေါ် အသက်တွက်ချက်မှုစနစ်ကို ပယ်ဖျက်လိုက်ခြင်းက စီမံခန့်ခွဲရေးနှင့် ဆေးဘက်ဆိုင်ရာလုပ်ငန်းတွင် ရှုပ်ထွေးမှုမဖြစ်ရန် အကူအညီဖြစ်လိမ့်မည်ဟု သမ္မတ Yoon ၏ အစိုးရက ဆိုသည်။ 

"ဒီနေ့မှာ ပြင်ဆင်ချက်ကို အတည်ပြုလိုက်မှုနဲ့အတူ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံသားအားလုံး လာမယ့် ၂၀၂၃ ခုနှစ် ဇွန်လကစပြီး အသက် (၁) နှစ် သို့မဟုတ် (၂) နှစ် ပိုငယ်သွားကြပါလိမ့်မယ်" ဟု တောင်ကိုရီးယားလွှတ်‌တော်က ဥပဒေမူကြမ်းကို အတည်ပြုလိုက်ပြီးနောက် သမ္မတရုံးက ပြောခဲ့သည်။

အသက်တွက်ချက်မှုစနစ် ပြောင်းလဲလိုက်ခြင်းကြောင့် တောင်ကိုရီးယားနိုင်ငံသားများအနေဖြင့် ပြည်တွင်း၌ အသက်တစ်မျိုးနှင့် ကမ္ဘာတဝန်း စံသတ်မှတ်ချက်များအရ နောက်ထပ် အသက်တစ်မျိုးဖြစ်နေမှုကို ဖြေရှင်းလွယ်ကူသွားစေမည်ဟုလည်း ဆိုသည်။ 

ကမ္ဘာတဝန်းတွင် အများစု အသုံးပြုနေသည့် အသက်တွက်ချက်မှုစနစ်မှာ ကလေးမွေးဖွားသည့်ရက်မှ စတင်ရေတွက်ပြီး နောက်လာမည့်နှစ်၏ ထိုမွေးဖွားရက်တွင် အသက် (၁) နှစ်ပြည့်သည်ဟု သတ်မှတ်ခြင်းဖြစ်သည်။

Source: Bangkok Post