(၆)ရက်အကြာ ပျောက်ဆုံးနေသည့် ဂျပန်ရှုခင်းကြည့် သင်္ဘောကို ဟော့ကိုင်းဒိုးကျွန်းကမ်းလွန် ပင်လယ်ရေအောက်တွင် ပြန်ရှာတွေ့

ပင်လယ်ရေအောက်တွင် ပြန်ရှာတွေ့စဉ်
ပင်လယ်ရေအောက်တွင် ပြန်ရှာတွေ့စဉ်
(၆)ရက်အကြာ ပျောက်ဆုံးနေသည့် ဂျပန်ရှုခင်းကြည့် သင်္ဘောကို ဟော့ကိုင်းဒိုးကျွန်းကမ်းလွန် ပင်လယ်ရေအောက်တွင် ပြန်ရှာတွေ့
By Mr John

ပျောက်ဆုံးနေသည့် ဂျပန်ရှုခင်းကြည့်သင်္ဘောကို ဟော့ကိုင်းဒိုးကျွန်းကမ်းလွန် ပင်လယ်ရေအောက်တွင် ပြန်ရှာတွေ့

လွန်ခဲ့သည့် (၆)ရက်အကြာက ပျောက်ဆုံးသွားခဲ့သည့် ရှုခင်းကြည့်သင်္ဘောကို ဧပြီ (၂၉) ရက်နေ့က ဟော့ကိုင်းဒိုးကျွန်းကမ်းလွန် ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောသည်။

ထိုသင်္ဘောပေါ်တွင် လိုက်ပါသွားသူ (၂၆) ဦးနက် (၁၂) ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး (၁၄) ဦး၏ ရုပ်အလောင်းများကို ပြန်ရှာတွေ့ခဲ့ကြောင်း သိရသည်။



ကမ်းခြေစောင့်တပ်ဖွဲ့က ပြန်ရှာတွေ့ခဲ့သည့် ရှုခင်းကြည့်သင်္ဘောအတွင်း ဝင်ရောက်ရှာဖွေသွားမည်ဖြစ်ပြီး လိုက်ပါသွားသူအချို့မှာ ပိတ်မိနေခဲ့ကြမည်ဟု ယုံကြည်ထားသည်။

ရှုခင်းကြည့်သင်္ဘောကို သင်္ဘောပိုင်ရှင် ကုမ္ပဏီ၏ ကုန်ကျစရိတ်ဖြင့် ရေအောက်မှ ပြန်လည်ဆယ်ယူရန် ဂျပန်အစိုးရက မျှော်လင့်ထားသည်ဟု ဆိုသည်။

နစ်မြုပ်သင်္ဘောများကို ဆယ်ယူခြင်းမှာ ပုံမှန်အားဖြင့် ကုန်ကျစရိတ်ကြီးမားပြီး သင်္ဘောပိုင်ရှင်များတွင် ပြန်ဆယ်ယူရန် တာဝန်မရှိဟု ဆိုသည်။



သို့သော် "Kazu 1" ပိုင်ရှင်က သင်္ဘောပြန်ဆယ်ယူသည့်ကိစ္စကို တာဝန်သိစွာဖြင့် လုပ်ဆောင်လိမ့်မည်ဟု အစိုးရက မျှော်လင့်ထားကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

သင်္ဘောပိုင်ရှင်ဖြစ်သည့် Shiretoko Yuransen ကုမ္ပဏီကလည်း ၎င်းတို့ လုပ်နိုင်သမျှ လုပ်ဆောင်သွားမည်ဟု ပြောထားကြောင်း ဝန်ကြီးဌာနက ဆိုသည်။



ဂျပန်နိုင်ငံ ရေကြောင်းကာကွယ်ရေးတပ်ဖွဲ့က Shiretoko ကျွန်းဆွယ် ကမ်းလွန်တွင် ရေအောက်ကင်မရာဖြင့် ရှာဖွေခဲ့ပြီးနောက် အလေးချိန် (၁၉) တန်ရှိသည့် "Kazu 1" ရှုခင်းကြည့်သင်္ဘောကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

သင်္ဘောကို Kashuni ရေတံခွန်အနီး ရေအောက်အနက် (၃၉၄) ပေခန့်တွင် ပြန်ရှာတွေ့ခဲ့ပြီး ထိုနေရာတွင် သင်္ဘောအမှုထမ်းထံမှ နောက်ဆုံး ဆက်သွယ်မှုရရှိခဲ့သည်။

ရှုခင်းကြည့် သင်္ဘောကို ပြန်ရှာတွေ့သည့် ရေအောက်ကြမ်းပြင်နေရာမှာ နေရောင် မရောက်သည့်နေရာဖြစ်ပြီး မြင်ကွင်းမကောင်းဟု ဆိုသည်။

အာဏာပိုင်တွေက မောင်းသူမဲ့ရေအောက်ယာဥ်များဖြင့် သင်္ဘောကို စစ်ဆေးသွားမည်ဟု သိရသည်။

"Kazu 1" ရှုခင်းကြည့်သင်္ဘောမှာ Utoro ဆိပ်ကမ်းမှ ဧပြီ (၂၃) ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် ထွက်ခွာသွားခဲ့ပြီးနောက် အဆက်အသွယ်ပြတ်ကာ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ထိုသင်္ဘောပေါ်တွင် ကလေးငယ်နှစ်ဦးအပါအဝင် ခရီးသည် (၂၄) ဦးနှင့် အမှုထမ်းနှစ်ဦး လိုက်ပါသွားကြောင်း ဂျပန်သတင်းဌာန NHK က ဖော်ပြခဲ့သည်။



ရုရှားနယ်စပ်လုံခြုံရေးဌာနက ဟော့ကိုင်းဒိုးကျွန်း ကမ်းလွန် Kunashiri ကျွန်း၏ အနောက်ဘက် ပင်လယ်ပြင်တွင် ဧပြီ (၂၇) ရက်နေ့က အသက်ကယ်အင်္ကျီ ဝတ်ဆင်ထားသူတစ်ဦး မျောပါနေတာ တွေ့ရှိခဲ့ရကြောင်း ဧပြီ (၂၉) ရက်တွင် ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်သည်။

သို့သော် မုန်တိုင်းထန်နေသည့် ရာသီဥတုကြောင့် မကယ်ဆယ်နိုင်ခဲ့ဘဲ ၎င်းတို့မြင်ကွင်းကနေ ပျောက်သွားခဲ့သည်ဟု ရုရှားအာဏာပိုင်တွေကပြောကြောင်း ဂျပန်အစိုးရတာဝန်ရှိသူတွေက ဆိုသည်။



Source: Reuters, Kyodo News