လွိုင်ကော်မြို့တွင်  ပြည်နယ်အခွန်ရုံးဝန်ထမ်း (၂)ဦး အပါအဝင် စုစုပေါင်း (၃)ဦးတွင်  COVID 19 ပိုးတွေ့ 

လွိုင်ကော်မြို့တွင်  ပြည်နယ်အခွန်ရုံးဝန်ထမ်း (၂)ဦး အပါအဝင် စုစုပေါင်း (၃)ဦးတွင်  COVID 19 ပိုးတွေ့ 
ဇူလိုင် 6, 2021 | Covid-19| ကယား

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့သို့ ရန်ကုန်မှ ပြန်လာသည့် ပြည်နယ်အခွန်ဦးစီးဌာနရုံး ဝန်ထမ်း အမျိုးသား (၂)ဦးနှင့် မအူပင်မှ ပြန်လာသည့် အမျိုးသမီး (၁)ဦးထံတွင်  COVID 19 ပိုးကူးစက်နေသည်ကို  စစ်ဆေးတွေ့ရကြောင်း သိရသည်။

ရန်ကုန်မှ  လွိုင်ကော်သို့ မြန်မာ့လေကြောင်းလိုင်းဖြင့် ပြန်လာခဲ့သော ပြည်နယ်အခွန်ဦးစီးဌာနရုံး ဒုတိယဦးစီးမှူးနှင့် အငယ်တန်းစာရေးတစ်ဦးတို့မှာ ဖျားနာပြီးအနံ့မရသောကြောင့် ဇူလိုင်လ (၅) ရက်နေ့တွင် လွိုင်ကော်ပြည်သူ့ ဆေးရုံကြီးသို့ သွားရောက်ပြသ၍ စစ်ဆေးခဲ့ရာ Covid-19 ပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။ 

၎င်းတို့ (၂)ဦးမှာ အလုပ်ကိစ္စဖြင့် ရန်ကုန်သို့ မြန်မာ့လေကြောင်းလိုင်းဖြင့် သွားရောက်ကာ ဇူလိုင်လ (၂) ရက်နေ့တွင် မြန်မာ့လေကြောင်း လိုင်းဖြင့်  လွိုင်ကော်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး လွိုင်ကော်မြို့ မင်းစုရပ်ကွက် ရှိ အခွန်ဦးစီးဌာနရုံးဝန်း အတွင်းနေထိုင်ခဲ့၍ အပြင်သို့ သွားလာခြင်းမရှိခဲ့ဘဲ ဇူလိုင်လ (၄) ရက်နေ့တွင် စတင်ဖျားနာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မအူပင်မြို့မှ ဇွန်လ (၃၀) ရက်နေ့တွင် လွိုင်ကော်သို့ ပြန်လာပြီးနောက် မအူပင်ရှိ အကို​ဖြစ်သူမှာ ဇူလိုင်လ (၅) ရက်နေ့က COVID 19 ပိုးတွေ့ရှိရပြီး ၎င်းမှာလည်းဝမ်းသွားနုန်းချိ၍ ဖျားနေသောကြောင့် လွိုင်ကော်မြို့  သူနာပြုသင်တန်းကျောင်း၌ Quarantine ထားရှိ၍ ဇူလိုင်လ (၆) ရက်နေ့ကစစ်ဆေးခဲ့ရာ COVID 19 ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။ 

ပိုးတွေ့ရှိသူ အမျိုးသား (၂) ဦးအား ဇူလိုင်လ (၅) ရက်နေ့မှစ၍လည်းကောင်း အမျိုးသမီး (၁)ဦးအား ဇူလိုင်လ (၆) ရက်နေ့တွင်လည်းကောင်း လွိုင်ကော်ပြည်သူ့ ဆေးရုံကြီး သီးခြားအဆောင်တွင်ထားရှိ၍ ကုသပေးနေကြောင်း သိရသည်။.

ပိုးတွေ့ရှိသူများထဲမှ အခွန်ရုံးဝန်ထမ်း (၂)ဦးနှင့် ထိတွေ့ မိခဲ့သော အခွန်ရုံးဝန်းအတွင်းနေထိုင်သူ ဝန်ထမ်း (၃)ဦး နှင့် မိသားစုဝင် (၁)ဦး၊ ထေးသမရပ်ကွက် တွင်နေထိုင်သည့် ဝန်ထမ်း(၁)ဦးနှင့် မိသားစုဝင်  မိသားစုဝင် (၃)ဦး အပါအဝင် စုစုပေါင်း (၈)ဦးတို့အား နေအိမ်တွင်အသွားအလာကန့်သတ်ထားရှိ၍ ပိုးတွေ့ရှိသူ အမျိုးသမီးနှင့် ထိတွေ့မိသူများအား Quarantine ထားရှိကာ COVID-19 ပိုးရှိမရှိ စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

ကယားပြည်နယ်တွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့ထိ COVID-19 အတည်ပြုလူနာပေါင်း ( ၁၁၂)ဦး တွေ့ရှိခဲ့ရပြီး အာဏာသိမ်းစစ်ကောင်စီ လက်ထက်တွင် လွိုင်ကော်မြို့၌ ဇူလိုင်လမှစ၍ အတည်ပြုလူနာ  (၆)ဦး တွေ့ရှိပြီဖြစ်သည်။

#TachileikNewsAgency

Photo: CJ