ထိုင်းနိုင်ငံတွင် စာသင်ကျောင်းရှေ့၌ ကျောင်းကားပေါ်တက်ပြီး မိန်းကလေးတစ်ဦးကို ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွား

ထိုင်းနိုင်ငံတွင် စာသင်ကျောင်းရှေ့၌ ကျောင်းကားပေါ်တက်ပြီး မိန်းကလေးတစ်ဦးကို ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွား
ဇန်နဝါရီ 7, 2023 | နိုင်ငံတကာသတင်း
By Mr John

 

ထိုင်းနိုင်ငံ ရွိုင်းအက် ပြည်နယ် မောင်းခရိုင်တွင် အသက် (၁၄) နှစ်အရွယ်‌ ကျောင်းသူတစ်ဦးကို  ထောင်မှလွတ်လာသည့် ဆွေးမျိုးတော်စပ်သူ အမျိုးသားတစ်ဦးက စာသင်ကျောင်းရှေ့၌ ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ 

၂၀၂၃ခုနှစ် ဇန်နဝါရီလ (၆) ရက် ဒေသစံတော်ချိန် နံနက် (၈) နာရီဝန်းကျင်တွင်  Ban Lao Witthayakan ကျောင်းရှေ့၌ ထိုအမျိုးသားက ကျောင်းသူကျောင်းသားများနှင့် ဆရာဆရာမများ၏ မျက်စိရှေ့တွင် မိန်းကလေးငယ်ကို ဓားဖြင့်ထိုးသတ်ခဲ့ခြင်း ဖြစ်သည်။

 ထိုအမျိုးသားက ကျောင်းကားနောက်သို့ ဆိုင်ကယ်ဖြင့် လိုက်လာခဲ့ပြီး ကျောင်းရှေ့အရောက် ကားရပ်လိုက်ချိန်တွင် ၎င်းက ကားပေါ်သို့တက်လာပြီး မိန်းကလေးငယ်ကို မီးဖိုချောင်သုံးဓားဖြင့် တစ်ချက်ထိုးခဲ့သည်။ 

ထို့နောက် မိန်းကလေးကို ကားပေါ်မှဆွဲချသွားပြီး သူမပေါ်တွင် ခွထိုင်ကာ နောက်ထပ် ဓားဖြင့် နှစ်ချက်ထိုးခဲ့ကြောင်း သိရသည်။

ဆရာဆရာမများက ထိုအမျိုးသားကို အခင်းဖြစ်နေရာတွင် ဝိုင်းဝန်းဖမ်းဆီးခဲ့ကြသည်။ 

ဓားဖြင့်အထိုးခံရသည့် ကျောင်းသူမှာ Roi Et ဆေးရုံတွင် သေဆုံးသွားခဲ့သည်။

 ကျောင်းကားပေါ်တက်ပြီး ဆွေးမျိုတော်စပ်သည့် မိန်းကလေးငယ်ကို ဓားဖြင့်ထိုးသူမှာ အသက် (၃၆) နှစ်အရွယ် Preecha Waisorn ဖြစ်ကြောင်း Muang Roi Et ရဲဗိုလ်ကြီး Sanchart Sawatpol က ပြောသည်။

မိန်းကလေးငယ်မှာ လည်းပင်းနှင့် ရင်ဘတ်တွင် ဓားထိုးခံခဲ့ရသည်ဟု ၎င်းကဆိုသည်။ 

ဓားဖြင့်ထိုးသည့် အမျိုးသားက သေဆုံးသူ မိန်းကလေး၏ မိဘများနှင့် အချေအတင်ဖြစ်ခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမရေးမကောင်းသူအဖြစ် မှတ်တမ်းရှိကြောင်း ထိုင်းရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရဲဗိုလ်ချုပ် Achayon Kraithong က ပြောသည်။

မျက်မြင်တွေ့ရှိခဲ့သူများ၏ အဆိုအရ အဖြစ်အပျက်မှာ အလွန်မြန်ဆန်ပြီး တိုက်ခိုက်သူက မိန်းကလေး၏ မိသားစုဝင်အားလုံးကို သတ်ပစ်မည်ဟု အော်ဟစ်ပြောဆိုခဲ့ကြောင်း သိရသည်။ 

တိုက်ခိုက်သူ အမျိုးသားမှာ လွန်ခဲ့သည့် (၃) ရက်က ထောင်မှပြန်လွတ်လာသူဟု ဆိုသည်။ 

မည်သည့်ပြစ်မှုအတွက် ထောင်ကျခဲ့ကြောင်းကိုမူ ရဲတပ်ဖွဲ့က ထုတ်ဖော်မပြောခဲ့ပေ။

Source: Bangkok Post