ဘန်ကောက်တွင် နိုင်ငံခြားသားခရီးသွားစည်ကားသည့်နေရာမှ ကဘတ်နှင့် ချာပါတီရောင်းသည့် မြန်မာဈေးသည်များ အဖမ်းခံရ

ဘန်ကောက်တွင် နိုင်ငံခြားသားခရီးသွားစည်ကားသည့်နေရာမှ ကဘတ်နှင့် ချာပါတီရောင်းသည့် မြန်မာဈေးသည်များ အဖမ်းခံရ
By Mr John

ထိုင်းနိုင်ငံသားများ လုပ်ကိုင်ကြသည့်လုပ်ငန်းများတွင် နိုင်ငံခြားသားများ ဝင်ရောက်လုပ်ကိုင်နေမှုကို ဖြိုခွင်းမှု၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ဘန်ကောက်မြို့ရှိ ခုတ်ဆန်လမ်းတွင် မြန်မာဈေးသည်များ ရောင်းချနေသည့် ကဘတ်နှင့် ချာပါတီ ဆိုင်များကို စီးနင်းဖမ်းဆီးကြောင်း သိရသည်။

ကမ္ဘာလှည့်ခရီးသွားများဖြင့် စည်းကားလေ့ရှိသည့် အဆိုပါဧရိယာတွင် အသွင်ယူထောက်လှမ်းသည့် ထိုင်းရဲအဖွဲ့တစ်ဖွဲ့က Rambuttri လမ်းနှင့် Khao San လမ်းဆုံနေရာတွင် စားစရာရောင်းချနေသော မြန်မာနိုင်ငံသား အများအပြားကို တွေ့ရှိကြောင်း သတင်းပို့ခဲ့သဖြင့် ဝင်ရောက်စီးနင်းဖမ်းဆီးခြင်းဖြစ်သည်ဟု လူဝင်မှုကြီကြပ်ရေးဌာနခွဲ (၁) မှ ရဲဗိုလ်မှူးကြီး Kachapon Pattamang က ပြောသည်။

ရဲများဝင်ဖမ်းစဉ် မြန်မာဈေးသည်များက သတိပြုမိသွားပြီး ထွက်ပြေးသွားကြသဖြင့် လိုက်လံဖမ်းဆီးရာ အမျိုးသား (၇)ဦးနှင့် အမျိုးသမီး (၄)ဦးကို ဖမ်ဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာဈေးသည် (၁၁) ဦးသည် ပတ်စ်ပို့ သို့မဟုတ် အလုပ်လုပ်ခွင့်ပါမစ်များ မရှိကြဘဲ ထိုင်းနိုင်ငံကို နယ်စပ်မှ တရားမဝင်ဖြတ်ကျော် ဝင်ရောက်လာသူများဖြစ်ကြသည်ဟု သိရသည်။

ဖမ်းဆီးထားသည့် မြန်မာဈေးသည်များကို နိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုနှင့် အလုပ်လုပ်ခွင့်ပါမစ် မရှိမှုတို့ဖြင့် စွဲချက်တင်ထားကြောင်း သိရသည်။ 

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့်ပါမစ်မရှိဘဲ အလုပ်လုပ်ခြင်း သို့မဟုတ် အခွန်တိမ်းရှောင်ခြင်းကဲ့သို့ ဥပဒေချိုးဖောက်သည့် နိုင်ငံခြားသားများကို ဖမ်းဆီးအရေးယူရန် လူဝင်မှုကြီးကြပ်ရေးဌာနကို ညွှန်ကြားခဲ့သည့် ထိုင်းရဲချုပ် ရဲဗိုလ်ချုပ်ကြီး Damrongsak Kittiprapas ထံမှ အမိန့်ရရှိခဲ့ပြီးနောက် မြန်မာဈေးသည်များကို ဖမ်းဆီးလာခြင်းဖြစ်ကြောင်း သိရသည်။

Source: Bangkok Post