ကိုလံဘီယာတွင် အကျဥ်းထောင် ဆူပူအုံကြွမှုအတွင်း လူ (၄၉) ဦး သေဆုံး

ကိုလံဘီယာနိုင်ငံအတွင်း အကျဉ်းထောင်တစ်ခု၏ အပြင်ဘက်ပုံ ( ၂၀၂၀ ခုနှစ်က ပုံဖြစ်သည် )  [ Photo: Reuters ]
ကိုလံဘီယာနိုင်ငံအတွင်း အကျဉ်းထောင်တစ်ခု၏ အပြင်ဘက်ပုံ ( ၂၀၂၀ ခုနှစ်က ပုံဖြစ်သည် ) [ Photo: Reuters ]
ကိုလံဘီယာတွင် အကျဥ်းထောင် ဆူပူအုံကြွမှုအတွင်း လူ (၄၉) ဦး သေဆုံး
By Mr John

 ကိုလံဘီယာနိုင်ငံ အနောက်တောင်ပိုင်း Tulua မြို့ရှိ အကျဥ်းထောင်တစ်ခုတွင် ဇွန်လ (၂၇) ရက် ညပိုင်းက ဆူပူအုံကြွမှု ဖြစ်ပွားခဲ့မှုအတွင်း အကျဥ်းသား (၄၉) ဦး သေဆုံးခဲ့ကြောင်း အကျဥ်းထောင်ဆိုင်ရာဌာန အကြီးအကဲက ဇွန်လ (၂၈) ရက် နံနက်အစောပိုင်းတွင် ပြောသည်။ 

ယခုဖြစ်ရပ်မှာ ကိုလံဘီယာတွင် လတ်တလော ဖြစ်ပွားခဲ့သည့် အဆိုးဆုံး ထောင်ဆူပူအုံကြွမှုများအနက်မှ တစ်ခုဖြစ်ကြောင်း သိရသည်။

ကိုလံဘီယာ အကျဥ်းထောင်ဆိုင်ရာဌာန National Penitentiary and Prison Institute (INPEC)၏ ညွှန်ကြားရေးမှူးက ပြည်တွင်း ရေဒီယိုသတင်းဌာန Caracol Radio ကို ပြောကြားမှုအရ အကျဥ်းသားများ ဆူပူအုံကြွမှုအတွင်း မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ 

"ဒါက ဝမ်းနည်းစရာနဲ့ ဆိုးရွားတဲ့ဖြစ်ရပ်ပါ။ ဆူပူအုံကြွမှုဖြစ်ပုံရတဲ့ အခြေအနေတစ်ခု ရှိခဲ့တယ်။ အကျဥ်းသားတွေက မွေ့ယာအချို့ကို မီးရှို့ခဲ့ကြပြီးတော့ မီးလောင်မှု အကြီးအကျယ်ဖြစ်ခဲ့တယ်။ ကံမကောင်းစွာနဲ့ပဲ အကျဥ်းသား (၄၉) ဦး သေဆုံးခဲ့ရပါတယ်" ဟု INPEC အကြီးအကဲ Tito Castellanos က ပြောသည်။

ထောင်ဆူပူအုံကြွမှုဖြစ်ပြီး မီးလောင်မှုအတွင်း နောက်ထပ် လူ (၃၀) ဦး ဒဏ်ရာရခဲ့ကြောင်းနှင့် လူဦးရေ ဒါဇင်နှင့်ချီ ရွှေ့ပြောင်းခဲ့ရကြောင်း ၎င်းကဆိုသည်။ 

ထိုအကျဥ်းထောင်တွင် အကျဥ်းသား (၁,၂၆၇) ဦးရှိပြီး မီးလောင်မှုဖြစ်ပွားခဲ့သည့် အဆောင်၌ အကျဥ်းသား (၁၈၀) ရှိခဲ့ကြောင်း သိရသည်။ 

လက်တင်အမေရိကနိုင်ငံ အများအပြားမှာကဲ့သို့ပင် ကိုလံဘီယာတွင်လည်း အကျဥ်းထောင်များအတွင်း အကျဥ်းသားဦးရေ အလွန်များပြားပြီး ပြည့်ကျပ်နေသည်။

ကိုလံဘီယာနိုင်ငံ၏ အကျဥ်းထောင်များတွင် အကျဥ်းသားအရေအတွက် (၈၁,၀၀၀) ထားရှိနိုင်ရန် စီစဥ်ထားခြင်းဖြစ်သော်လည်း လက်ရှိတွင် အကျဥ်းသား (၉၇,၀၀၀) ခန့်ရှိနေကြောင်း တရားဝင် ကိန်းဂဏန်းများအရ သိရသည်။ 

ကိုလံဘီယာတွင် ၂၀၂၀ ခုနှစ်က အကျဥ်းထောင်တွင် အကျဥ်းသားဦး‌ရေ အဆမတန်များပြားခြင်းနှင့် ဝန်ဆောင်မှုများမရှိခြင်းတို့ကို ဆန္ဒပြမှုများအတွင်း အကျဥ်းသား (၂) ဒါဇင်ခန့် သေဆုံးခဲ့ပြီးနောက် COVID-19 ကပ်ရောဂါကာလအတွင်း အကျဥ်းသားအချို့ကို ပြန်လွှတ်ပေးခဲ့သည်။

Source: Reuters