ခရီးသွားဗီဇာဖြင့်ဝင်လာပြီး စားသောက်ဆိုင်ဖွင့်ထားသည့် တရုတ် (၃) ဦး ဖမ်းဆီးခံရ

ခရီးသွားဗီဇာဖြင့်ဝင်လာပြီး စားသောက်ဆိုင်ဖွင့်ထားသည့် တရုတ် (၃) ဦး ဖမ်းဆီးခံရ
By Mr John

ထိုင်းနိုင်ငံသို့ ခရီးသွားဗီဇာဖြင့် ဝင်ရောက်လာခဲ့ပြီး ဘန်ကောက်မြို့လယ်တွင် စားသောက်ဆိုင်ဖွင့်လှစ်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၃) ဦးကို ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၂၄)ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။ 

ဘန်ကောက်မြို့ ဘန်ကပိဧရိယာရှိ ရာမ ၉ လမ်းတွင် ဖွင့်လှစ်ထားသည့် ထိုင်းအမည် Chaoshan Ocha နှင့် အင်္ဂလိပ်စာလုံး Chao Wei ဟု ရေးထားသော တရုတ်စားသောက်ဆိုင်တစ်ဆိုင်ကို ဇန်နဝါရီလ (၂၄) ရက် အစောပိုင်းက ဝင်ရောက်စစ်ဆေးခဲ့ကြရာ ပိုင်ရှင်တရုတ်အမျိုးသား (၃)ဦးမှာ ခရီးသွားဗီဇာကိုင်ဆောင်ထားသူများဖြစ်ကြပြီး တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို ငှားရမ်းလုပ်ကိုင်နေသည်ကို စစ်ဆေးတွေ့ရှိရသည်ဟု သိရသည်။

 ရဲတပ်ဖွဲ့ ဝင်ရောက်စစ်ဆေးချိန်တွင် Yang အမည်ရှိ တရုတ်အမျိုးသားတစ်ဦးက ဝင်ငွေထွက်ငွေ စာရင်းများလုပ်နေပြီး အခြား (၂) ဦးဖြစ်သည့် အသက် (၃၈) နှစ်အရွယ် Chin နှင့် အသက် (၃၁) နှစ်အရွယ် Chen တို့က မီးဖိုချောင်တွင် ချက်ပြုတ်နေကြသည်ဟု သိရသည်။

၎င်းတို့ (၃) ဦးလုံးက အရာရှိများကို ပတ်စ်ပို့များ ပြသနိုင်ခဲ့ခြင်းမရှိသော်လည်း မိတ္တူများ ပြသခဲ့ကြသည်ဟု ဆိုသည်။

လူဝင်မှုကြီကြပ်ရေးဌာန၏ အချက်အလက် မှတ်တမ်းအရ ထိုတရုတ်နိုင်ငံသား (၃) ဦးက ထိုင်းနိုင်ငံအတွင်း ခရီးသွားများအဖြစ် ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပြီးနောက် ၎င်းတို့ကို အလုပ်လုပ်ကိုင်ခွင့်ပါမစ်မရှိဘဲ အလုပ်လုပ်ကိုင်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းလိုက်သည့်အပြင်  အမည်ပျက်စာရင်းသွင်းကာ တရုတ်သို့ ပြန်ပို့သွားမည်ဟု သိရသည်။

တရုတ်ခရီးသွားများက ဘန်ကောက်မြို့လယ်တွင်  တရုတ်စားသောက်ဆိုင်တစ်ဆိုင် ဖွင့်လှစ်ထားကြောင်း သတင်းပေးချက်အရ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယင်းအပြင် ထိုင်းနိုင်ငံသားများအနေဖြင့် တရုတ်ပိုင် စီးပွားရေးလုပ်ငန်းများအတွက် ပိုင်ရှင်အဖြစ် အမည်ခံပေးပါက ထောင်ဒဏ် (၃) နှစ်အထိဖြစ်စေ၊ ငွေဒဏ် ဘတ် (၁) သန်းဖြစ်စေ သို့မဟုတ် ပြစ်ဒဏ် (၂) ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ကြောင်းလည်း စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဌာနက သတိပေးချက်ထုတ်ထားကြောင်း သိရသည်။

ခရီးသွားဗီဇာဖြင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားအချို့က ဘန်ကောက်မြို့၏ တရုတ်တန်းအဖြစ် လူသိများသည့်နေရာတဝိုက်တွင် ထိုင်းနိုင်ငံသားများကို ပိုင်ရှင်အမည်ခံစေပြီး စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေခြင်းကြောင့် ပြည်တွင်းလုပ်ငန်းရှင်များ ထိခိုက်နေရသဖြင့် ယင်းကဲ့သို့ သတိပေးချက်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။



Source: Bangkok Post