လွိုင်ကော်မြို့ နာနတ်တောရပ်ကွက် သပိတ်ပစ်ခတ်ဖြိုခွင်းခံရ၍ ဖမ်းဆီးခံရသူ(၁၃)ဦးတွင် အမျိုးသမီး(၁၀)ဦး ပါဝင် 

လွိုင်ကော်မြို့ နာနတ်တောရပ်ကွက် သပိတ်ပစ်ခတ်ဖြိုခွင်းခံရ၍ ဖမ်းဆီးခံရသူ(၁၃)ဦးတွင် အမျိုးသမီး(၁၀)ဦး ပါဝင် 
မေ 12, 2021 | ကယား

ကယားပြည်နယ်၊ လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်၏ စစ်အာဏာရှင်ဆန့်ကျင်ရေး ထင်းသပိတ်အား မေလ (၁၂)ရက်နေ့ညနေပိုင်းတွင် ပြုလုပ်နေစဥ် အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်လက်နက်ကိုင်များမှ လာရောက်ပစ်ခတ် ဖြိုခွင်းရာ ဖမ်းဆီးခံရသူများတွင် အများစုမှာ အမျိုးသမီးများ ဖြစ်ကြောင်းသိရသည်။ 

လာ​ဖြိုတဲ့အချိန် နီးစပ်ရာကို ဝင်ပြေးကြရတော့ သူတို့ပြေးတဲ့ အိမ်ထဲကို ဝင်ဖမ်းတာပေါ့။ ခုလောလောဆယ်တော့ (၁၀)ယောက်ကျော် ဖမ်းခံထားရတယ်။ လောလောဆယ် စာရင်းကောက်ထားချက်အရ အများစုက အမျိုးသမီးတွေပဲ ။ ပြီးတော့ ဖမ်းတဲ့နေရာမှာ သူတို့ ဖမ်းချင်တဲ့သူကို ရွေးဖမ်းသွားတဲ့သဘော ဖြစ်နေတယ်။

ဟု သပိတ်တွင်ပါဝင်နေသူ ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ မေလ(၁၂)ရက်နေ့ ည(၆)နာရီခွဲကျော် အချိန်ခန့်တွင် အတည်ပြုသည်။ 

လွိုင်ကော်မြို့ ၊ နာနတ်တောရပ်ကွက်၏ စစ်အာဏာရှင် ဆန့်ကျင်ရေး ထင်းသပိတ်အား ပြုလုပ်နေစဥ် မေလ (၁၂)ရက်နေ့ ညနေ (၄)နာရီကျော်အချိန်ခန့်တွင် အာဏာသိမ်းအဖွဲ့၏ အကြမ်းဖက်လက်နက်ကိုင်များမှ လာရောက်ပစ်ခတ် ဖြိုခွင်းခဲ့၍ ည (၇)နာရီခွဲချိန်ထိအတည်ပြုချက်အရ  သပိတ်တွင် ပါဝင်သူ အမျိုးသမီး (၁၀)ဦးနှင့် အမျိုးသား (၃)ဦးတို့အား ဖမ်းဆီးသွားခဲ့ကြောင်းသိရသည်။ 

ဖမ်းဆီးခံရသူ  (၁၃)ဦးတွင် အများစုမှာ အမျိုးသမီးများဖြစ်ပြီး သပိတ်တွင် တက်ကြွလှုပ်ရှားသူ အမျိုးသမီးများအပြင် အပျော်တမ်း ဓာတ်ပုံမှတ်တမ်းရိုက်သူ မိန်းကလေးငယ်တစ်ဦးနှင့် အသက် (၁၃)နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးလည်းပါဝင်ကြောင်း သိရသည်။

လွိုင်ကော်မြို့ ၊ နာနတ်တောရပ်ကွက်သပိတ်အား မေလ (၁၂)ရက်နေ့ ညနေပိုင်းတွင် လုပ်ဆောင်နေစဥ် အာဏာသိမ်း အဖွဲ့၏ အကြမ်းဖက်လက်နက်ကိုင်များမှ အလုံးအရင်းဖြင့် ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးသူများအား ရပ်ကွက်လူထုမှ ပြန်လွှတ်ပေးရန် လိုက်လံ တောင်းဆိုခဲ့ရာ သေနတ်များဖြင့် လိုက်လံပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ 

နာနတ်တော ရပ်ကွက်သပိတ်အား ပစ်ခတ်ဖြိုခွင်းခဲ့ပြီး ညနေ (၅)နာရီခွဲချိန်ထိ ရပ်ကွက်တွင်း အတားအဆီးများကို အာဏာသိမ်းအဖွဲ့မှ ဖယ်ရှားခဲ့ပြီး ဖမ်းဆီးခံရသူများအား ရဲကားများဖြင့် ခေါ်ဆောင်သွားပြီး လက်ရှိချိန်ထိ ရပ်ကွက်လူထုမှ ဖမ်းဆီးခံရသူများအား ပြန်လွှတ်ပေးရေး တောင်းဆိုလျှက်ရှိသည်။

#TachileikNewsAgency

ဓာတ်ပုံ - နွေဦးရောင်နီ