လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဖရူဆို မြို့နယ်များရှိ ရပ်ကွက်/ကျေးရွာများတွင် ကိုယ်ထူကိုယ်ထ Covid-19 ကာကွယ်ရေးများ လုပ်​ဆောင် နေရ

လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဖရူဆို မြို့နယ်များရှိ ရပ်ကွက်/ကျေးရွာများတွင် ကိုယ်ထူကိုယ်ထ Covid-19 ကာကွယ်ရေးများ လုပ်​ဆောင် နေရ
ဇူလိုင် 16, 2021 | Covid-19| ကယား

ကယား (ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့ ၊ ဒီးမော့ဆိုမြို့နှင့် ဖရုဆိုမြို့နယ်များ၌ မြို့ပေါ်ရပ်ကွက်အချို့နှင့် ကျေးရွာများတွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ပထမပတ်မှစ၍  COVID-19 ကာကွယ်ရေးကို ဒေသခံများက ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေကြောင်း သိရသည်။ 

အာဏာသိမ်းထားသည့်စစ်တပ်က COVID -19 တတိယလှိုင်းကို ကိုင်တွယ်ထိန်းချုပ်ခြင်းမရှိသဖြင့် နေ့စဉ်နှင့်အမျှ ကူးစက်ခံရသူ အဆမတန်တိုးလာသည့်အပြင် ကုသမှုလည်းလုံလောက်မှုမရှိသဖြင့် ဒေသခံများက ကိုယ်ထူကိုယ်ထ ကာကွယ်ရေးအတွက်  လမ်းပိတ်ခြင်း၊ Lockdown ချခြင်း၊ COVID 19 စစ်ဆေးရေးဂိတ်များ ထားရှိခြင်းတို့ကို ပြုလုပ်နေကြောင်း သိရသည်။ 

အခုရောဂါတွေက ထိန်းချုပ်ရခက်နေပြီ ။ ပြီးတော့ ကျွန်တော်တို့ဆီမှာက တိုက်ပွဲတွေလည်း ရှိနေတယ်။ စစ်ရှောင်တွေလည်း ရှိနေတယ်။ တစ်ခြားဒေသက လာတဲ့သူတွေကလည်း သွားလာ​နေကြတယ်။ ဒီအပေါ်မှာ ဘယ်သူ့ကိုမှ အားကိုးနေလို့ မရတော့ဘူး။ ကိုယ့်ရပ်ကွက် လုံခြုံဘေးကင်းဖို့ ကိုယ်တိုင်လုပ်​ဆောင်မှ ဖြစ်တော့မယ်ဆိုပြီး တိုင်ပင်ပြီးတော့ ရပ်ကွက်တွင်းက လမ်းတွေကို မလိုအပ်ဘဲ ဝင်ထွက်တာတွေ မလုပ်နိုင်အောင် ပိတ်ထားတယ်။ တစ်ချို့လမ်းမကြီးကိုတော့ ဂိတ်လိုမျိုးလုပ်ထားတယ်။ ရပ်ကွက်ထဲ ဝင်ထွက်မယ် ဖြတ်သွားဖြတ်လာ လုပ်မယ်ဆို စစ်ဆေးခံရမယ်ပေါ့။ သံသယဖြစ်စရာတွေ့လာရင် သက်ဆိုင်ရာနဲ့ ဆက်သွယ်ပြီး ဆေးရုံတို့ဘာတို့ ပို့မယ်ပေါ့။ ကိုယ်ထူကိုယ်ထ ရပ်ကွက်ထဲက လူငယ်တွေက အလှည့်ကျ တာဝန်ယူ စစ်ဆေးရေးတွေကို လုပ်မှာပေါ့။

လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်မှ လူငယ်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

လွိုင်ကော်မြို့ပေါ်ရပ်ကွက်များဖြစ်သည့် နာနတ်တောရပ်ကွက်နှင့် ထေးသမ(ချိကယ်)ရပ်ကွက်များတွင် လူငယ်များက ကိုယ်ထူကိုယ်ထ COVID -19 ကာကွယ်ရေးအနေဖြင့် အဝင်အထွက်လမ်းများအား စစ်ဆေးရေးဂိတ်များ ထားရှိခြင်း၊ ရပ်ကွက်တွင်းလမ်းများအား ဖြတ်သန်းခွင့်မပြုဘဲ လမ်းမကြီးများကိုလည်း အချိန်သတ်မှတ်ချက်များပြုလုပ်ကာ ဖြတ်သန်းခွင့်ပြုခြင်းတို့ကို လုပ်ဆောင်နေကြခြင်းဖြစ်ပြီး လွိုင်ကော်မြို့၊ ဒီးမော့ဆို မြို့နယ်နှင့် ဖရူဆိုမြို့နယ်များရှိ ကျေးရွာအချို့တွင်လည်း အလားတူဆောင်ရွက်သွားမည်ဟု သိရသည်။

ကျွန်တော်တို့ ရွာတွေဖက်ကျတော့ အခုကာလက စစ်ရှောင်တွေလည်းရှိတယ်။ မြို့ပေါ်သွားပြီး ပြန်လာတဲ့သူတွေလည်းရှိတော့ စိုးရိမ်ရတာပေါ့။ အဲဒါကြောင့် ရွာထဲကို ရပ်မိရပ်ဖတွေ၊ ရွာကော်မတီတွေနဲ့ တိုင်ပင်ပြီးတော့ ရွာလမ်းတွေကို ပိတ်ထားဖို့လုပ်တာပါ။ ကျန်းမာရေးနဲ့ပတ်သက်ရင် ကျွန်တော်တို့က နားမလည်ပေမဲ့ ရှိတဲ့ ဗဟုသုတနဲ့ ရောဂါ မဖြစ်ဖို့ကိုပဲ ရည်ရွယ်ပြီး လုပ်တယ်။ တိုက်ပွဲတွေလည်းရှိနေတယ် ။ ရောဂါတွေကလည်း ဖြစ်နေတယ်။ ဒီအခြေအနေမှာ စစ်ရှောင်တွေကလည်း အများကြီးပဲ။ ရောဂါပါ ထပ်ပြန့်လာရင် အကုန်ဒုက္ခရောက်နိုင်လို့ ကိုယ်ထူကိုယ်ထ လုပ်နေရတာပါ။ ဆေးဝါးပစ္စည်းတွေ ၊ ကာကွယ်ရေးပစ္စည်းတွေကတော့ လုံလောက်မှုမရှိဘူးပေါ့။

ဖရူဆိုမြို့နယ်တွင်းက ကျေးရွာတစ်ရွာမှ ဒေသခံတစ်ဦးကပြောသည်။ 

ကယားပြည်နယ်တွင်  COVID-19 တတိယလှိုင်းအတွင်း ကူးစက်ဖြစ်ပွားသူ များပြားလာသောကြောင့် ရပ်ကွက်၊ ကျေးရွာများတွင် ကိုယ်ထူကိုယ်ထ ကာကွယ်ရေးလုပ်ငန်းများအား လုပ်နေသော်လည်း ကာကွယ်ရေး လုပ်ငန်းများအတွက် အသုံးပြုသည့် Mask များ ၊ လက်သန့်ဆေးရည်၊ ကိုယ်ပူချိန်တိုင်းကိရိယာ၊ ပိုးသတ်ဆေး ၊ PPE ဝတ်စုံ စသည့် ပစ္စည်းများ လုံလောက်မှုမရှိသည့်  အခက်အခဲများရှိနေကြာင်း သိရသည်။ 

လွိုင်ကော်မြို့ ၊ ဒီးမော့ဆိုမြို့ နှင့် ဖရူဆိုမြို့တို့ရှိ  ကျေးရွာအချို့တွင် Lockdow များချ၍  သွားလာဝင်ရောက်ခွင့်မပြုပဲ ကျေးရွာအဝင်အထွက်ကို ပိတ်ထားမည်ဖြစ်ပြီး ကျေးရွာအဝင် လမ်းပိတ်ထားသည့်နေရာများတွင်လည်း  COVID -19 ရောဂါ ဖြစ်ပွားမှုအား ကာကွယ်နိုင်ရန် လုပ်ဆောင်ခြင်း ဖြစ်သောကြောင့် လမ်းပိတ်ထားမှုများအပေါ် နားလည်ပေးရန် မေတ္တာရပ်ခံသည့် စာများကပ်ထားကြောင်းလည်း သိရသည်။ 

လွိုင်ကော်မြို့ပေါ်ရှိ ရပ်ကွက်အချို့ ဖြစ်သည့် နာနတ်တော၊ ထေးသမ(ချိကယ်)ရပ်ကွက်တို့တွင် ရပ်ကွက်တွင်း လမ်းအချို့အားပိတ်ထားမည်ဖြစ်ပြီး လမ်းမကြီးများအား Covid စစ်ဆေးရေး ဂိတ်ပြုလုပ်၍  ည (၁၀)နာရီ မှ နံနက် (၄)နာရီထိ အရေးပေါ် ကိစ္စမှလွဲ၍ သွားလာခွင့်ပိတ်ထားမည် ဖြစ်ကြောင်း သိရသည်။ 

ကယားပြည်နယ်တွင် COVID-19 ပိုးတွေ့ရှိသူများမှာ ဇူလိုင်လ ၁၆ ရက်နေ့ထိ လွိုင်ကော်မြို့တွင်  ( ၁၃၂) ဦး၊ ဖရူဆိုမြို့တွင် ( ၅) ဦး၊ ဘောလခဲမြို့တွင် ( ၈ )ဦး၊ ဖားဆောင်းမြို့တွင်( ၁)ဦး တို့ဖြစ်ပြီး တစ်ပြည်နယ်လုံးတွင် စုစုပေါင်း ပိုးတွေ့ရှိသူ (၁၄၆)ဦးထိ ရှိလာပြီဖြစ်ပြီး သေဆုံးသူ (၄)ဦးရှိပြီဖြစ်ကြောင်း သိရသည်။