အမေရိကန်လေတပ်အတွက် တစ်စီးလျှင် ဒေါ်လာ သန်း (၇၅၀) တန်ဖိုးရှိ နည်းပညာမြင့် ကိုယ်ပျောက် နျူကလီးယား ဗုံးကြဲလေယာဥ် ပွဲထုတ် ပြသ

အမေရိကန်လေတပ်အတွက် တစ်စီးလျှင် ဒေါ်လာ သန်း (၇၅၀) တန်ဖိုးရှိ နည်းပညာမြင့် ကိုယ်ပျောက် နျူကလီးယား ဗုံးကြဲလေယာဥ် ပွဲထုတ် ပြသ
ဒီဇင်ဘာ 3, 2022 | နိုင်ငံတကာသတင်း
By Mr John

လေယာဥ်နှင့်ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီ Northrop Grumman Corp က အမေရိကန်လေတပ် အတွက် တည်ဆောက်ထားသော ခရီးရှည်ပျံသန်းနိုင်ပြီး လေကြောင်းရန်ကာကွယ်ရေးနှင့် ရေဒါစနစ်များကို ရှောင်ကွင်းနိုင်သည့် နောက်ဆုံးပေါ်  ကိုယ်ပျောက် နျူကလီးယား ဗုံးကြဲလေယာဥ်ကို ဒီဇင်ဘာလ (၂) ရက်နေ့တွင် ထုတ်ပြသလိုက်သည်။ 

အမေရိကန်လေတပ်တွင် အသုံးပြုမည့် B-21 Raider နျူးကလီးယား ဗုံးကြဲလေယာဥ်သစ်ကို ကယ်လီဖိုးနီးယားပြည်နယ် Palmdale မြို့ရှိ Northrop ၏ Plant 42 တွင် ပြဇာတ်ဆန်ဆန် အခမ်းအနားတစ်ရပ်ဖြင့် အများပြည်သူကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်သည်။

ယခင် B-2 ဗုံးကြဲလေယာဥ်ကဲ့သို့ပင် ပုံစံတူတောင်ပံများရှိသည့် B-21 လေယာဥ်သစ်က ကမ္ဘာတဝန်း ခရီးရှည်ပျံသန်းပြီး လေထဲတွင် လောင်စာဆီဖြည့်တင်းနိုင်ကာ သမားရိုးကျနှင့် နျူကလီးယားလက်နက် (၂) မျိုးလုံးကို အသုံးပြုနိုင်ကြောင်း သိရသည်။

 B-21 နည်းပညာမြင့် ဗုံးကြဲလေယာဥ်တစ်စီး၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း (၅၅၀) ဟု ၂၀၁၀ ခုနှစ်တွင် ခန့်မှန်းခဲ့သော်လည်း ယနေ့ခေတ်၏ ငွေကြေးဖောင်းပွဲမှုအရမူ ဒေါ်လာ သန်း (၇၅၀) တန်ဖိုးရှိသည်ဟု ဆိုသည်။

အမေရိကန်လေတပ်က B1 နှင့် B-2 ဗုံးကြဲလေယာဥ်များနေရာတွင် စတင် အစားထိုး အသုံးပြုရန်အတွက် B-21 လေယာဥ် အစီး (၁၀၀) ဝယ်ယူသွားရန်  စီစဥ်ထားသည်။ 

Northrop ကုမ္ပဏီက ၂၀၁၅ ခုနှစ်တွင် ဗုံးကြဲလေယာဥ်တည်ဆောက်ရန် လုပ်ငန်းအပ်နှံမှု ရရှိခဲ့ခြင်း ဖြစ်သည်။ 

B-21 လေယာဥ်သစ်ကို ဆဌမမျိုးဆက် လေယာဥ်ဖြစ်ပြီး အခြား လေယာဥ်များနှင့် ချိတ်ဆက်နိုင်ကာ အနာဂတ် လက်နက်များကို ၎င်း၏စနစ်တွင် အလွယ်တကူ ပေါင်းစပ်အသုံးပြုနိုင်ကြောင်း Northrop က ပြောသည်။

၂၀၂၃ ခုနှစ်တွင် ပထမဆုံး စတင်ပျံသန်းမည့် နည်းပညာမြင့် B-21 ဗုံးကြဲလေယာဥ်သစ် (၆) စီးကို ယခုအခါ မတူညီသည့် အဆင့်များတွင် တပ်ဆင်ထုတ်လုပ်လျက်ရှိသည်။ 

B-21 ဗုံးကြဲလေယာဥ်သစ် စီမံကိန်းတွင် Northrop ကုမ္ပဏီ၊ စက်မှုဆိုင်ရာမိတ်ဖက်လုပ်ငန်းများနှင့် အမေရိကန်လေတပ်တို့မှ လူ (၈,၀၀၀) ကျော်က ပါဝင်လုပ်ကိုင်နေကြောင်း သိရသည်။

Source: Reuters, CNN

Photo: Staff Sgt. Jeremy Mosier/U.S. Space Force Public Affairs, REUTERS/David Swanson