ရုရှားသမ္မတ ပူတင်က မကြာမီ မြောက်ကိုရီးယားသို့ သွားရောက်ရန် ဆန္ဒရှိဟုဆို

ရုရှားသမ္မတ ပူတင်က မကြာမီ မြောက်ကိုရီးယားသို့ သွားရောက်ရန် ဆန္ဒရှိဟုဆို
ဇန်နဝါရီ 21, 2024 | နိုင်ငံတကာသတင်း
By Mr John

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မြောက်ကိုရီးယားနိုင်ငံကို  မကြာမီ  လာရောက်ရန် ဆန္ဒရှိကြောင်း ‌မြောက်ကိုရီးယားအစိုးရသတင်းဌာန KCNA က ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၁) ရက်နေ့တွင် ဖော်ပြသည်။

 ပူတင်က ပြီးခဲ့သည့် သီတင်းပတ်အတွင်း ရုရှားသို့ လာရောက်ခဲ့သည့် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Choe Son Hui ကို ပြုံးယမ်းသို့ လာရောက်ရန် ဆန္ဒရှိကြောင်း‌ ပြောခဲ့သည်။

ကင်မ်ဂျုံအန်က ၎င်းကို မြောက်ကိုရီးယားသို့ လာ‌ရောက်ရန် ဖိတ်ကြားမှုအတွက် ရုရှားသမ္မတ ပူတင်က ကျေးဇူးတင်ကြောင်းလည်း ပြောကြားခဲ့သည်ဟု မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး၏ရုံးကို ကိုးကား၍ KCNA က ဆိုသည်။ 

ယခုခရီးစဥ် ဖြစ်မြောက်ခဲ့ပါက ဆယ်စုနှစ် (၂) ခုကျော်အတွင်း ရုရှားခေါင်းဆောင်၏ ပထမဆုံး မြောက်ကိုရီးယားခရီးစဥ် ဖြစ်လာမည်ဖြစ်သည်။ 

၁၉၉၉ ခုနှစ်တွင် ဘောရစ်ယဲ့ဆင်ထံမှ အာဏာလွှဲပြောင်းရယူခဲ့ပြီးနောက် ပူတင်က ၂၀၀၀ ပြည့်နှစ် ဇူလိုင်လတွင် မြောက်ကိုရီးယားသို့ သွားရောက်ခဲ့ဖူးပြီး ကင်မ်ဂျုံအန်၏ ဖခင်ဖြစ်သူ ကင်မ်ဂျုံအီလ်နှင့် တွေ့ဆုံခဲ့သည်။

ယူကရိန်းစစ်ပွဲတွင် မြောက်ကိုရီးယားက ရုရှားကို ထောက်ခံပြီး ရုရှားဘက်မှ ရပ်တည်မှုအတွက် ကျေးဇူးတင်ကြောင်းလည်း Choe Soe Hui ၏ ခရီးစဥ်အတွင်း ရုရှားက ပြောခဲ့ကြောင်း KCNA က ဆိုသည်။ 

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုကြောင့် ရုရှားအပေါ် အမေရိကန်နှင့် ဥရောပ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ပိတ်ဆို့ဒဏ်ခတ်မှုများ လုပ်ဆောင်လာခဲ့စဥ် ရုရှားနှင့် မြောက်ကိုရီးယားတို့ကြား မဟာမိတ်ဆက်ဆံရေး ပိုမိုအားကောင်းလာခဲ့သည်။ 

ထို့အတူ မြန်မာနိုင်ငံတွင် အာဏာသိမ်းထားသည့် စစ်အုပ်စုနှင့်လည်း ရုရှားက ပိုမိုနီးကပ်သည့် ဆက်ဆံရေးရှိလာခဲ့သည်။



Source: Reuters