စပိန်နိုင်ငံတွင် ဝန်ကြီးချုပ်အပါအဝင် ထိပ်တန်းပစ်မှတ်များသို့ စာအိတ်ဗုံးများ ပေးပို့ခဲ့ကြောင်း ဖော်ထုတ်သိရှိရ

စပိန်နိုင်ငံတွင် ဝန်ကြီးချုပ်အပါအဝင် ထိပ်တန်းပစ်မှတ်များသို့ စာအိတ်ဗုံးများ ပေးပို့ခဲ့ကြောင်း ဖော်ထုတ်သိရှိရ
ဒီဇင်ဘာ 2, 2022 | နိုင်ငံတကာသတင်း
By Mr John

စပိန်နိုင်ငံတွင် မကြာသေးမီ ရက်များအတွင်းက ဝန်ကြီးချုပ်အပါအဝင် ထိပ်တန်းအဆင့် အရေးပါသည့် ပစ်မှတ်များထံသို့ စာအိတ်ဗုံးများ ပေးပို့ခဲ့ကြောင်း ဖော်ထုတ်သိရှိရပြီးနောက် လုံခြုံရေးတိုးမြှင့်ထားကြောင်း သိရသည်။ 

နိုဝင်ဘာလ (၃၀) ရက်နေ့က မက်ဒရစ်မြို့တွင် ယူကရိန်းသံရုံးမှ ဝန်ထမ်းတစ်ဦး အလားတူ စာအိတ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် ဒဏ်ရာအနည်းငယ်ရခဲ့သည်။

စပိန်အစိုးရ တာဝန်ရှိသူများ၏ အဆိုအရ စာအိတ်ဗုံးပေးပို့သည့် ပစ်မှတ်များအနက် ကာကွယ်ရေးဝန်ကြီးဌာနလည်း ပါဝင်ခဲ့ကြောင်း သိရသည်။ 

ထို့အတူ အမေရိကန်သံရုံးသို့လည်း စာအိတ်ဗုံးပေးပို့ခဲ့သည်။ 

စာအိတ်ဗုံးများ ပေးပို့မှုမှာ စပိန်က ယူကရိန်းကို အားပေးကူညီမှုနှင့် ဆက်နွယ်နိုင်ကြောင်း ယူဆရသော်လည်း လက်ရှိတွင် မည်သူကမျှ စာအိတ်ဗုံးများ ပေးပို့ခဲ့ကြောင်း ထုတ်ဖော်ပြောခြင်း မရှိသေးဟု ဆိုသည်။

ယူကရိန်းကို ဖေဖေါ်ဝါရီလတွင် ကျူးကျော်တိုက်ခိုက်ခဲ့သည့် ရုရှားကမူ အကြမ်းဖက်လုပ်ရပ်မှန်သမျှကို ရှုတ်ချကြောင်းနှင့် ယခုကဲ့သို့ ခြိမ်းခြောက်မှုများ သို့မဟုတ် လုပ်ရပ်များမှာ လုံးဝ ပြစ်တင်ရှုတ်ချလိုက်ကြောင်း ပြောသည်။ 

ဒီဇင်ဘာလ (၁) ရက်နေ့ မွန်းလွဲပိုင်းတွင် စပိန်ရဲတပ်ဖွဲ့က Reuters သတင်းဌာနကို အတည်ပြုမှုအရ မက်ဒရစ်မြို့ရှိ အမေရိကန်သံရုံးသို့ ပေးပို့လိုက်သည့် စာအိတ်ဗုံးတစ်လုံးကို ကြားဖြတ်ဖော်ထုတ် ရယူနိုင်ခဲ့ကြောင်း သိရသည်။

စာအိတ်ဗုံးများကို ပစ်မှတ် (၅) ခုသို့ ပေးပို့ခံခဲ့ရကြောင်း စပိန်အစိုးရက အစောပိုင်းတွင် ပြောခဲ့သည်။ 

စပိန်အစိုးရ၏ ထုတ်ပြန်ချက်အရ ပေါက်ကွဲစေနိုင်သော pyrotechnic ပါဝင်သည့် စာအိတ်တစ်အိတ်ကို ဝန်ကြီးချုပ် ပက်ဒရိုဆန်ချက်ဇ်ထံသို့ လိပ်မူပြီး ပေးပို့ခဲ့သော်လည်း နိုဝင်ဘာလ (၂၄) ရက်နေ့တွင် မည်သူမျှ ထိခိုက်ဒဏ်ရာမရဘဲ ကြားဖြတ်ဖော်ထုတ် ရယူနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ စာအိတ်ဗုံးများကို ကာကွယ်ရေးဝန်ကြီးဌာန၊ ဇာရာဂိုဇာမြို့ရှိ လက်နက်ထုတ်လုပ်ရေးကုမ္ပဏီနှင့် Torrejon လေတပ်အခြေစိုက်စခန်းသို့လည်း ပေးပို့ခဲ့ကြောင်း၊ ထို့အတူ မက်ဒရစ်မြို့ရှိ ယူကရိန်းနှင့် အမေရိကန် သံရုံးများသို့လည်း ပေးပို့ခံရမှုများရှိခဲ့ကြောင်း စပိန်အစိုးရက ပြောသည်။ 

စပိန်အစိုးရက ယခုဖြစ်ရပ်ကို အကြမ်းဖက်လုပ်ရပ်ဖြစ်နိုင်ခြေအဖြစ် စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

Source: BBC, Reuters

Photo: REUTERS/Violeta Santos Moura, REUTERS/Juan Medina,