ကမ္ဘောဒီးယားက  စိုက်ပျိုးရေးထွက်ကုန်များကို မြန်မာသို့ တင်ပို့ရန် စစ်ကောင်စီနှင့်ပူးပေါင်း ကြိုးပမ်း 

စစ်အုပ်စုလက်အောက်ခံ မြန်မာသံအမတ် ဦးသစ်လင်းအုန်းနှင့် ကမ္ဘောဒီးယား စီးပွားကူးသန်းဝန်ကြီး တို့ ဇူလိုင်လ (၁၄) ရက်တွင် တွေ့ဆုံခဲ့စဥ် [ Photo: Khmer Times ]
စစ်အုပ်စုလက်အောက်ခံ မြန်မာသံအမတ် ဦးသစ်လင်းအုန်းနှင့် ကမ္ဘောဒီးယား စီးပွားကူးသန်းဝန်ကြီး တို့ ဇူလိုင်လ (၁၄) ရက်တွင် တွေ့ဆုံခဲ့စဥ် [ Photo: Khmer Times ]
ကမ္ဘောဒီးယားက  စိုက်ပျိုးရေးထွက်ကုန်များကို မြန်မာသို့ တင်ပို့ရန် စစ်ကောင်စီနှင့်ပူးပေါင်း ကြိုးပမ်း 
ဇူလိုင် 20, 2022 | နိုင်ငံတကာသတင်း

 နှစ်နိုင်ငံကြား ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး အားကောင်းစေရန်ဟုဆိုကာ ကမ္ဘောဒီးယားနိုင်ငံက ၎င်း၏ စိုက်ပျိုးရေး ထွက်ကုန်များကို မြန်နိုင်ငံသို့ တင်ပို့ရောင်းချရန် စီစဥ်နေကြောင်း သိရသည်။ 

စစ်အုပ်စုလက်အောက်ခံ မြန်မာသံအမတ် ဦးသစ်လင်းအုန်းနှင့် ဇူလိုင်လ (၁၄) ရက်တွင် တွေ့ဆုံခဲ့စဥ် စီးပွားကူးသန်းဝန်ကြီးက ကမ္ဘောဒီးယားထံမှ ဖြစ်နိုင်ခြေရှိသည့် စိုက်ပျိုးရေးထွက်ကုန်များ တင်သွင်းမှုမြှင့်တင်ရေး စဥ်းစားရန် တိုက်တွန်းခဲ့သည်ဟု ဆိုသည်။

ကမ္ဘောဒီးယားက မြန်မာသို့ တင်ပို့ရောင်းချနိုင်သည့် စိုက်ပျိုးရေးထွက်ကုန်များတွင် သရက်သီး၊ ငှက်ပျောသီး၊ ထောပတ်သီး၊ သီဟိုဠ်စေ့၊ ကန်စွန်းဥ၊ ငရုပ်ကောင်း၊ နှမ်း အစရှိသည်တို့ ပါဝင်သည်။ 

ထို့အပြင် စီးပွားကူးသန်းဝန်ကြီးက ကမ္ဘောဒီးယားတွင် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု အလားအလာ၊ ကမ္ဘောဒီးယားစီးပွားရေး ပြန်လည်ထူထောင်ပြီး ဖွံ့ဖြိုးတိုးတက်ရန် အစိုးရ၏ မဟာဗျူဟာတို့ကလည်း မြန်မာသံအမတ်ကို အကျဥ်းချုံး ရှင်းပြခဲ့သည်ဟု သိရသည်။

စစ်အုပ်စုလက်အောက်ခံ မြန်မာသံအမတ်ကလည်း နှစ်နိုင်ငံကြား ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေး အားကောင်းခိုင်မာစေရန်နှင့် တိုးချဲ့ဆောင်ရွက်ရန် ကတိပြုခဲသည်ဟု ဆိုသည်။ 

ထို့အတူ အခွန်ကိစ္စနှင့် နှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးတို့ကိုလည်း မြန်မာသံအမတ် ဦးသစ်လင်းအုန်းက ဆွေးနွေးခဲ့သည်။

ကမ္ဘောဒီးယားစီးပွားကူးသန်းဝန်ကြီးနှင့် မြန်မာသံအမတ်တို့ တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံကုန်သွယ်မှုနှင့် နှစ်နိုင်ငံ၏ ကုန်သည်များကြား စီးပွားရေးတွဲဖက်လုပ်ဆောင်မှုမှတစ်ဆင့် ပိုမိုနီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ စီးပွားရေးခရီးစဥ်များ အပြန်အလှန် စေလွှတ်ကြရေး အစရှိသည်တို့ကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု Khmer Times သတင်းက ဖော်ပြသည်။

နှစ်နိုင်ငံကြား စီးပွားရေးနှင့်ကုန်သွယ်ရေး တိုးမြင့်လာစေရန် ပူးပေါင်းဆောင်ရွက်မှု၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့တွင် အားပေးဆောင်ရွက်မှုတို့ ဆက်လက် လုပ်ဆောင်သွားမည်ဟု နှစ်ဘက်လုံးက ကတိကဝတ်ပြုခဲ့ကြသည်။ 

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့က စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း စိုက်ပျိုးရေးထွက်ကုန်များ အပါအဝင် ကဏ္ဍအသီးသီး၌ မတည်မငြိမ်ဖြစ်နေစဥ် အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူထားသည့် ကမ္ဘောဒီးယားက ၎င်း၏ စိုက်ပျိုးရေးထွက်ကုန်များကို တင်ပို့ရောင်းချရန် စီစဥ်လာခြင်းလည်း ဖြစ်သည်။

Source: Khmer Times