တရုတ်သမ္မတဟောင်း ကျန်ဇီမင်း ကွယ်လွန်

တရုတ်သမ္မတဟောင်း ကျန်ဇီမင်း ကွယ်လွန်
ဒီဇင်ဘာ 1, 2022 | နိုင်ငံတကာသတင်း
By Mr John

တရုတ်နိုင်ငံတွင် တိန်အန်မင်ရင်ပြင် ဆန္ဒပြမှုများနောက်ပိုင်း အာဏာရလာခဲ့သည့် သမ္မတဟောင်း ကျန်ဇီမင်း နိုဝင်ဘာလ (၃၀) ရက် မွန်းလွဲပိုင်းက ရှန်ဟိုင်းမြို့တွင် ကွယ်လွန်သွားကြောင်း သိရသည်။

တရုတ်ကွန်မြူနစ်ပါတီ၏ ထုတ်ပြန်ချက်အရ အသက် (၉၆) နှစ်ရှိပြီဖြစ်သည့် ပါတီခေါင်းဆောင်ဟောင်းဖြစ်သူ သမ္မတဟောင်း ကျန်ဇီမင်းမှာ သွေးကင်ဆာနှင့် ခန္ဓာကိုယ်တွင်းအင်္ဂါများ ချို့ယွင်းမှုဖြင့် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

ကွယ်လွန်သူ တရုတ်သမ္မတဟောင်း ကျန်ဇီမင်းတွင် ဇနီးဖြစ်သူ အပါအဝင် သား (၂) ဦးနှင့် မြေး (၂) ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။ 

ကျန်ဇီမင်းမှာ ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း တရုတ်သမိုင်း၏ အဓိကကျသည့် နိုင်ငံ့ခေါင်းဆောင်များအနက်မှ တစ်ဦးဖြစ်ကာ ၎င်းက တရုတ်ကို အလျင်အမြန် တိုးတက်ဖွံ့ဖြိုးပြီး ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်လာစေရန် လမ်းဖွင့်ပေးခဲ့သူ ပြောင်းလဲစေခဲ့သူအဖြစ် ညွှန်းဆိုကြသည်။

၁၉၈၉ ခုနှစ်က ဘေဂျင်းမြို့ရှိ တိန်အန်မင်ရင်ပြင်နှင့် အနီးတဝိုက်တွင် ဖြစ်ပွားခဲ့သော အစိုးရဆန်ကျင့်ရေး ဆန္ဒပြမှုများကို သွေးထွက်သံယို ဖြိုခွင်းခဲ့မှုနောက်ပိုင်း ကျန်ဇီမင်း အာဏာရလာခဲ့သည်။ 

တိန်အန်မင်ရင်ပြင်ဖြစ်ရပ်မှာ တရုတ်နိုင်ငံတွင် အပြင်းထန်ဆုံး ဆန္ဒပြမှုဖြစ်ပြီး အာဏာပိုင်များက ကြမ်းတမ်းစွာ ဖြိုခွင်းခဲ့မှုကြောင့် တိန်အန်မင်ရင်ပြင် လူသတ်ပွဲဟု လူသိများခဲ့သည်။

ကျန်ဇီမင်းက ၁၉၈၉ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ တရုတ်ကွန်မြူနစ်ပါတီ၏ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၈၉ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကို အမိန့်ပေးနိုင်သည့် ဗဟိုစစ်ကော်မရှင်ဥက္ကဌဖြစ်ခဲ့သည်။  

ကျန်ဇီမင်းက ၁၉၉၃ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ (၁၀)နှစ်အကြာ တရုတ်သမ္မတအဖြစ် တာဝန်ယူခဲ့သည်။

ကျန်ဇီမင်း၏ (၁၀)နှစ်တာ သမ္မတသက်တမ်းအတွင်း ၁၉၉၇ ခုနှစ်တွင် ဗြိတိန်က ဟောင်ကောင်ကို တရုတ်ထံသို့ ငြိမ်းချမ်းစွာ လွှဲပြောင်းပေးခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် တရုတ်နိုင်ငံက ကမ္ဘာကုန်သွယ်ရေးအဖွဲ့အစည်း World Trade Organization (WTO) သို့ ဝင်ရောက်ခဲ့သည်။ 

WTO သို့ ဝင်ရောက်ခဲ့ခြင်းက တရုတ်နိုင်ငံကို ကမ္ဘာ့စီးပွားရေးတွင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်လာနိုင်စေခဲ့သည်။

ကျန်ဇီမင်းက ၎င်း၏သမ္မတသက်တမ်းအတွင်း အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေးခိုင်မာစေရန် ဆောင်ရွက်ခဲ့ပြီး အိမ်ဖြူတော်သို့ အကြိမ်အများအပြား သွားရောက်ခဲ့သည်။

 ၂၀၀၁ ခုနှစ် စက်တင်ဘာလ (၁၁) ရက်တွင် အယ်လ်ကေဒါအကြမ်းဖက်အုပ်စုက အမေရိကန်မြေပေါ်၌ ခရီးသည်လေယာဥ်များကို ပြန်ပေးဆွဲပြီး အသေခံ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ကျန်ဇီမင်းက ထိုစဥ်က အမေရိကန်သမ္မတဖြစ်သူ ဂျော့ဂျ်ဒဗလျူဘုရှ်ကို အကြမ်းဖက်တို့ကို စစ်ပွဲဆင်နွှဲရာတွင် ပူးပေါင်းဆောင်ရွက်မည်ဟု ကမ်းလှမ်းခဲ့သည်။

Source: BBC, CNN

Photo: REUTERS, Lintao Zhang