သီရိလင်္ကာတွင် ကာဖျူးအမိန့်ထုတ်ကာ ဆန္ဒပြပွဲကို မျက်ရည်ယိုဗုံးနှင့် ရေအမြောက်သုံးပြီး ဖြိုခွဲ

သီရိလင်္ကာတွင် ကာဖျူးအမိန့်ထုတ်ကာ ဆန္ဒပြပွဲကို မျက်ရည်ယိုဗုံးနှင့် ရေအမြောက်သုံးပြီး ဖြိုခွဲ
ဇူလိုင် 9, 2022 | နိုင်ငံတကာသတင်း
By Mr John

သီရိလင်္ကာတွင် ရက်သတ္တပတ်ကုန်၌ စီစဥ်ထားသည့် ဆန္ဒပြပွဲများမတိုင်မီ ရဲတပ်ဖွဲ့က ကာဖျူး အမိန့်ထုတ်

အဆိုးဆုံး စီးပွားရေးအကျပ်အတည်းဆိုက်ပြီး ဘက်စုံချွတ်ခြုံကျနေသည့် သီရိင်္ကာနိုင်ငံတွင် စနေ၊ တနင်္ဂနွေ ရက်သတ္တပတ်ကုန်ရက်များတွင် စီစဥ်ထားသော စုရုံးချီတက် ဆန္ဒပြပွဲ မတိုင်မီ ဇူလိုင်လ (၈) ရက် သောကြာနေ့က ကျောင်းသားများ ဆန္ဒပြခဲ့ကြရာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနှင့် ရေအမြောက်သုံးပြီး ဖြိုခွဲခဲ့သည်။ 

ထို့နောက် ဇူလိုင်လ (၈) ရက်နေ့ ညပိုင်းကစပြီး သီရိလင်္ကာ၏ စီးပွားရေးမြို့တော် ကိုလံဘိုမြို့တွင် ကာဖျူးအမိန့်ထုတ်ပြန်လိုက်ကြောင်း သိရသည်။

သီရိလင်္ကာတွင် နိုင်ငံခြားသုံးငွေ ပြတ်လပ်မှုကြောင့် ပြည်ပမှတင်သွင်းသည့် လောင်စာဆီ၊ အစားအစာနှင့် ဆေးဝါးကဲ့သို့ မရှိမဖြစ် ပစ္စည်းများအတွက် ငွေပေးချေရန် ရုန်းကန်နေခဲ့ရသည်။

 နိုင်ငံ၏ လူဦး‌ရေ (၂၂) သန်းမှာ စံချိန်တင်ငွေကြေးဖောင်းပွမှု၊ ပြည်တွင်သုံးငွေ တန်ဖိုးကျဆင်းမှုနှင့် လျှပ်စစ်ဓာတ်အားဖြတ်တောက်မှုများကို လနှင့်ချီကြာ ကြုံတွေ့နေခဲ့ကြရသည်။

ပြည်သူအများအပြားက လူနေမှုအခြေအနေ နိမ့်ကျသွားခြင်းအတွက် သမ္မတ Gotabaya Rajapaksa ကို အပြစ်တင်ခဲ့ကြသည်။ 

၁၉၄၈ ခုနှစ်တွင် ဗြိတိန်လက်အောက်မှ လွတ်လပ်ရေးရခဲ့ပြီးနောက် နှစ်ပေါင်း (၇၀) အတွင်း အဆိုးဆုံး စီးပွားရေးအကျပ်အတည်း ကြုံလာရမှုက သီရိင်္ကာနိုင်ငံတဝန်း ဆန္ဒပြမှုများ ပေါ်ပေါက်လာစေခဲ့ပြီး တခါတရံ ပြင်းထန်ပြီး အကြမ်းဖက်မှုများလည်း ဖြစ်ပွားခဲ့သည်။

"လူတွေက လောင်စာဆီ တန်းစီးရင်း သေနေကြတယ်။ တစ်နေ့ သုံးနပ်စားနိုင်ရုံပဲရှိတယ်။ ဒါက သမ္မတနဲ့ သူ့အစိုးရက ဒီနိုင်ငံကို လုပ်ခဲ့တာပဲ။ သမ္မတနဲ့ ဝန်ကြီချုပ် မထွက်မချင်း ကျွန်တော်တို့ လက်လျှော့မှာ မဟုတ်ဘူး" ဟု ဇူလိုင်လ (၈) ရက်နေ့က သမ္မတအိမ်တော်သို့ စုရုံးချီတက် ဆန္ဒပြပွဲကို စီစဥ်ခဲ့သည့်  Inter University Students' Federation ကျောင်းသားအဖွဲ့အစည်းမှ အဖွဲ့ဝင် Wasantha Mudalige က ပြောသည်။

ဆန္ဒပြမှုများ အပြင်းအထန် ပေါ်ပေါက်လာခဲ့ပြီးနောက် သမ္မတ Gotabaya ၏ အကိုဖြစ်သူ ဝန်ကြီးချုပ်က နုတ်ထွက်သွားခဲ့ပြီးနောက် ၎င်း၏နေရာကို Ranil Wickremesinghe အား အစားထိုးခန့်အပ်ခဲ့သည်။ 

ဇူလိုင်လ (၈) ရက်နေ့တွင် ကျောင်းသားများ ဆန္ဒပြခဲ့ပြီးနောက် သမ္မတ Gotabaya က ပြည်သူလူထုမှာ အတိုက်အခံများ၏ လှည့်စားခံနေရပြီး မရှိမဖြစ် ပစ္စည်းများ မကြာမီ ဖြန့်ဖြူးပေးရန် စီစဥ်ထားသည်ဟု ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောခဲ့သည်။

"လက်ရှိ ပြဿနာရှိတဲ့ အခြေအနေကို အောင်မြင်စွာ ဖြေရှင်းနိုင်တဲ့အချိန်မှာ လူထုကို လှည့်စားဖို့ အတိုက်အခံ နိုင်ငံရေးအုပ်စုတွေရဲ့ အစီအစဥ်က အလွန်ဝမ်းနည်းစရာဖြစ်ပြီး မကောင်းပါဘူး။ ဒါက နိုင်ငံကို နောက်ပြန်ရောက်သွားစေလိမ့်မယ်" ဟု သမ္မတက ဆိုသည်။ 

ကျောင်းသားများက ဇူလိုင်လ (၈) ရက်နေ့တွင် တစ်ညလုံးထိုင်ပြီး ဆန္ဒပြသွားမည်ဖြစ်ကာ ကျန်းမာရေးဝန်ထမ်းများ၊ ခရစ်ယာန်ဘုန်းတော်ကြီးများ၊ အလုပ်သမားသမဂ္ဂများနှင့် အတိုက်အခံ အားပေးထောက်ခံသူများ အပါအဝင် အခြား ဆန္ဒပြသူများက ၎င်းတို့အနှင့်အတူ ဇူလိုင်လ (၉) ရက် စနေနေ့တွင် ပူးပေါင်းပါဝင်လာမည်ဖြစ်ကြောင်း စီစဥ်သူများက ပြောသည်။

ထိုအခြေအနေတွင် သီရိလင်္ကာရဲတပ်ဖွဲ့က ဇူလိုင်လ (၈) ရက် ဒေသစံတော်ချိန် ည (၉) နာရီမှစပြီး ကိုလံဘိုမြို့နှင့် ဆင်ခြေဖုံးနေရာများကို ကာဖျူးအမိန့်ထုတ်ပြန်ကြောင်း ကြေညာခဲ့သည်။ 

ကာဖျူးအမိန့်ကို မည်သည့်အချိန်တွင် ရုပ်သိမ်းမည်ကို ရဲတပ်ဖွဲ့က မပြောထားဟုဆိုသည်။ 

"ကာဖျူးအမိန့်ထုတ်ထားသည့် ဧရိယာအတွင်း နေထိုင်ကြသော ပြည်သူလူထုအနေဖြင့် နေအိမ်တွင်သာ နေထိုင်သင့်ကြောင်း၊ ရဲတပ်ဖွဲ့ ကာဖျူးအမိန့်ကို ချိုးဖောက်ပါက အများပြည်သူ တည်ငြိမ်အေးချမ်းမှုကို နှောင့်ယှက်ဖျက်ဆီးမှုအဖြစ် သတ်မှတ်ပြီး  ဥပဒေအရ တင်းတင်းကျပ်ကျပ် အရေးယူဆောင်ရွက်သွားမည်" ဟု ရဲတပ်ဖွဲ့သတိပေးချက်တွင် ဖော်ပြထားသည်။

ကိုလံဘိုမြို့တော်တွင် လုံခြုံရေးတင်းကျပ်ထားပြီး ရဲတပ်ဖွဲ့နှင့် စစ်တပ်အရန်တပ်ဖွဲ့ဝင် အင်အား (၃,၀၀၀) ခန့် ဖြန့်ကျက်ချထားသည်။ 

ကိုလံဘိုမြို့ရှိ အဓိက အများပြည်သူဆိုင်ရာ အဆောက်အအုံများ ပတ်လည်တွင်လည်း အတားအဆီးများချထားကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် Nalin Thalduwa က ပြောသည်။ 

သီရိလင်္ကာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် Julie Chung က စစ်တပ်နှင့် ရဲတပ်ဖွဲ့အနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ခွင့်ပြုရန် တောင်းဆိုခဲ့သည်။

"အကြမ်းဖက်မှုက အဖြေ မဟုတ်ပါဘူး။ ပရမ်းပတာနဲ့ အင်အားသုံးခြင်းက အခု သီရိလင်္ကာ အခုလက်ရှိ လိုအပ်နေတဲ့ စီးပွားရေးကို ပြုပြင်မှာမဟုတ်ဘူး သို့မဟုတ် နိုင်ငံရေးတည်ငြိမ်မှုရစေမှာမဟုတ်ဘူး" ဟု အမေရိကန်သံအမတ်က Twitter တွင် ပြောထားသည်။ 

သီရိလင်္ကာတွင် ဇူလိုင် (၉) ရက်နေ့၏ ဆန္ဒပြပွဲက ပြင်းထန်ပြီး အကြမ်းဖက်မှုဖြစ်ပွားမည်ကို စိုးရိမ်ပူပန်များရှိနေသည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

"လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြပွဲအတွင်း သေစေနိုင်တဲ့လက်နက်တွေသုံးတာကို ကျွန်မတို့‌ တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ ကြိုတင်ကာကွယ်မှုအဖြစ် ကျွန်မတို့ တောင်းဆိုနေတာပါ။ ဘာကြောင့်လဲဆိုတော မနက်ဖြန် (ဇူလိုင်လ ၉ ရက်) မှာ ဖြစ်လာနိုင်တာတွေကို ကျွန်မတို့ အလွန်စိုးရိမ်ပါတယ်" ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ ပြောခွင့်ရပုဂ္ဂိုလ် Ravina Shamdasani က သတင်းထောက်များကို ပြောခဲ့သည်။

နိုင်ငံရေးမတည်ငြိမ်မှုက သီရိလင်္ကာနှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့အစည်း InternationalMonetary Fund (IMF) တို့ကြား ဆွေးနွေးညှိနှိုင်းနေသည့် ဘဏ္ဍာရေးအကူအညီ အမေရိကန်ဒေါ်လာ (၃) ဘီလီယံ ရရှိနိုင်ခြေကို ပျက်ပြားစေနိုင်ကြောင်းလည်း သိရသည်။

Source: Reuters

Photo: REUTERS/Dinuka Liyanawatte