ကမ္ဘာ့အသက်အကြီးဆုံး သက်ရှိထင်ရှား ကြောင်အဖြစ် ဂင်းနစ်စံချိန်တင်ခဲ့သည့် အသက်(၂၇)နှစ်နီးပါးရှိ ကြောင်မကြီး ဖလော့စီ

ကမ္ဘာ့အသက်အကြီးဆုံး သက်ရှိထင်ရှား ကြောင်အဖြစ် ဂင်းနစ်စံချိန်တင်ခဲ့သည့် အသက်(၂၇)နှစ်နီးပါးရှိ ကြောင်မကြီး ဖလော့စီ
နိုဝင်ဘာ 26, 2022 | နိုင်ငံတကာသတင်း
By Mr John

အသက် (၂၇) နှစ်နီးပါးရှိပြီဖြစ်သည့် ဖလော့စီ အမည်ရှိ ကြောင်မကြီးကို ကမ္ဘာ့အသက်အကြီးဆုံး သက်ရှိထင်ရှားကြောင်အဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်း Guinness World Records အဖွဲ့အစည်းက တရားဝင် အသိအမှတ်ပြုခဲ့ကြောင်း သိရသည်။ 

ဖလော့စီ၏ လက်ရှိ ကြောင်အသက်မှာ လူ့အသက် (၁၂၀) နှစ်နှင့် ညီမျှသည်ဟု ဆိုသည်။

အညိုရောင်နှင့် အနက်ရောင်ရှိ ဗြိတိသျှကြောင်ဖြစ်သည့် ဖလော့စီကို ဂင်းနစ်အဖွဲ့က နိုဝင်ဘာလ (၂၄) ရက်နေ့တွင် ကမ္ဘာ့အသက်အကြီးဆုံး ကြောင်အဖြစ် တရားဝင် အသိအမှတ်ပြုလက်မှတ် ပေးအပ်ခဲ့သည်။ 

ထိုနေ့တွင် ဖလော့စီ၏ အသက်မှာ (၂၆) နှစ်နှင့် (၃၂၉) ရက်ရှိပြီ ဖြစ်သည်။ 

အသက်အကြီးဆုံးကြောင်အဖြစ် ဂင်းနစ်စံချိန်တင်သည့် ကြောင်မကြီး ဖလော့စီမှာ အမြင်နှင့်အကြားအာရုံ အားနည်းနေပြီဖြစ်သော်လည်း ကျန်းမာရေးကောင်းမွန်သည်ဟု သိရသည်။

"အစကတည်းက ဖလော့စီက ထူးခြားတဲ့ ကြောင်တစ်ကောင်ဆိုတာ ကျွန်မ သိတယ်။ ဒါပေမဲ့လည်း အိမ်မှာ ဒီလိုမျိုး ကမ္ဘာ့စံချိန်တင်မှတ်တမ်းထားနိုင်မယ်လို့ စိတ်ကူးမကြည့်မိပါဘူး" ဟု ပိုင်ရှင်ဖြစ်သူ ဗစ်ကီဂရင်းက ပြောသည်။ 

သူမက အသက်ကြီးနေပြီဖြစ်သည့် ဖလော့စီကို ဗြိတိန်ကြောင်စောင့်ရှောက်ရေးဂေဟာ Cats Protection ကနေ ဩဂုတ်လအတွင်းက ခေါ်ယူမွေးမြူခဲ့ခြင်း ဖြစ်သည်။

ဖလော့စီမှာ ၁၉၉၅ ခုနှစ်က မွေးဖွားခဲ့ပြီးနောက် ပထမ လအနည်းငယ်အတွင်း အင်္ဂလန်အနောက်မြောက်ပိုင်း လီဗာပူးလ်မြို့ရှိ မာဆေးဆိုက်ဆေးရုံအနီးတွင် လမ်းဘေးကြောင်ပေါက်စအဖြစ် နေထိုင်ခဲ့ပြီးနောက် အိမ်အများအပြားသို့ ရောက်ရှိခဲ့သည်။ 

ဖလော့စီကို ဆေးရုံမှ ဝန်ထမ်းတစ်ဦးက မွေးထားခဲ့ပြီး ပိုင်ရှင်ဖြစ်သူ ကွယ်လွန်ချိန်အထိ (၁၀) နှစ်ကြာ အတူနေခဲ့သည်။ 

ထို့နောက် ဖလော့စီကို ကွယ်လွန်သူပိုင်ရှင်၏ ညီအစ်မတော်စပ်သူက ခေါ်သွားခဲ့သည်။

နောက် (၁၄) နှစ်အကြာတွင် ဖလော့စီ၏ ဒုတိယပိုင်ရှင် ကွယ်လွန်သွားခဲ့ရာ ပိုင်ရှင်၏သားဖြစ်သူက သူမကို (၃) နှစ်ကြာ ဆက်မွေးထားခဲ့ပြီးနောက် Cats Protection ဂေဟာသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ 

ယခုအချိန်အထိ ကမ္ဘာ့အသက်အကြီးဆုံး ကြောင်အဖြစ် မှတ်တမ်းတင်ထားသည့်ကြောင်မှာ အသက် (၃၈) နှစ်နှင့် (၃) ရက်အရွယ် ခရီမီပက်ဖ် အမည်ရှိ ကြောင်ဖြစ်သည်။ 

ထိုကြောင်မှာ ၂၀၀၅ ခုနှစ် ဩဂုတ်လ (၆) ရက်နေ့တွင် သေဆုံးသွားခဲ့သည့်အတွက် အသက်(၂၇)နှစ် နီးပါးရှိ  ကြောင်မကြီး ဖလော့စီသည် ကမ္ဘာ့အသက်အကြီးဆုံး ကြောင်ဖြစ်လာသည်။



Source: CNN

Photo: Cats Protection/Guinness World Records,