နီပေါတွင် လူ (၂၂) ဦး လိုက်ပါသွားသည့်လေယာဥ် ပျောက်ဆုံး‌နေပြီး ရှာဖွေရေး လုပ်ဆောင်နေ

နီပေါတွင် လူ (၂၂) ဦး လိုက်ပါသွားသည့်လေယာဥ် ပျောက်ဆုံး‌နေပြီး ရှာဖွေရေး လုပ်ဆောင်နေ
By Mr John

တောင်တန်းထူထပ်သည့် နီပေါနိုင်ငံတွင် ပုဂ္ဂလိကလေကြောင်းလိုင်းပိုင် လေယာဥ်တစ်စီး ရာသီဥတုဆိုးရွားနေစဥ်အတွင်း မေလ (၂၉) ရက်နေ့က ပျောက်ဆုံးသွားခဲ့ကြောင်း သိရသည်။ 

ထိုလေယာဥ်ပေါ်တွင် လူ (၂၂) ဦး လိုက်ပါသွားပြီး ဒေသခံတွေက တွေ့ရှိခဲ့သော မီးလောင်နေသည့် နေရာတစ်ခုသို့ ရှာဖွေရေးအဖွဲ့များကို စေလွှတ်ထားကြောင်း နီပေါအစိုးရတာဝန်ရှိသူတွေက ပြောသည်။ 

ညပိုင်းတွင် ခက်ခဲသော မြေပြင်အခြေအနေကြောင့် ရှာဖွေရေးလုပ်ငန်းကို ခေတ္တရပ်ဆိုင်းထားသည်ဟု ဆိုသည်။ 

ပျောက်ဆုံးနေသည့် လေယာဥ်ကို ပုဂ္ဂလိကလေကြောင်းလိုင်း Tara Air က ပိုင်ဆိုင်ပြီး ဝန်ဆောင်မှုပေးနေခြင်း ဖြစ်သည်။

နိုင်ငံပိုင် Nepal Television တွင် သတင်းဖော်ပြမှုအရ ဟိမဝန္တာတောင်တန်း Manapathi တောင်ခြေရှိ Lyanku Khola မြစ်၏ မြစ်ဖျားပိုင်နေရာတွင် လေယာဥ်တစ်စီး မီးလောင်နေမှုကို ရွာသားများက တွေ့ရှိခဲ့သည်ဟု ဆိုသည်။ 

ထိုနေရာမှာ တိဘက်ဒေသနှင့် နယ်နမိတ်ထိစပ်နေသည့် ခရိုင်တစ်ခုအတွင်းတွင် ဖြစ်သည်။ 

ကနေဒါအခြေစိုက် လေယာဥ်ကုမ္ပဏီက ထုတ်လုပ်ထားသည့် De Havilland Canada DHC-6-300 Twin Otter အမျိုးအစား လေယာဥ်မှာ မေလ (၂၉) ရက် နံနက်ပိုင်းတွင် မိနစ် (၂၀) ကြာ ခရီးစဥ်အဖြစ် ပျံတက်သွားခဲ့ပြီးနောက် လေယာဥ်ဆင်းသက်ရန် (၅) မိနစ်အလိုတွင် အဆက်အသွယ်ပြတ်တောက်သွားကြောင်း အစိုးရအရာရှိတွေက ဆိုသည်။

"မြေပြင်ရှာဖွေရေးအဖွဲ့တွေက ရွာသားတွေ သတင်းပေးတဲ့ မီးလောင်နေတယ်ဆိုတဲ့နေရာကို သွားနေကြပါတယ်။ အဲဒီမီးလောင်မှုက ရွာသားတွေ ဒါမှမဟုတ် နွားကျောင်းသားတွေက ရှို့ထားတာလည်း ဖြစ်နိုင်ပါတယ်။ ဘာမဆိုဖြစ်နိုင်ပါတယ်" ဟု Tara Air ပြောခွင့်ရပုဂ္ဂိုလ် Sudarshan Gartaula က Reuters သတင်းဌာနကို ပြောသည်။ 

နီပေါနိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ Civil Aviation Authority of Nepal (CAAN) ကလည်း ထိုနေရာသို့ အဖွဲ့တစ်ဖွဲ့ ထွက်ခွာသွားကြောင်း ထုတ်ပြန်သည်။

"ရာသီဥတုဆိုးရွားမှုနှင့် ခက်ခဲသော မြေပြင်အခြေအနေကြောင့် လေယာဥ်၏ တည်နေရာကို မသိနိုင်သေးသော်လည်း  မြေပြင်နှင့် ဝေဟင်မှ ရှာဖွေရေးတွေကို အပြင်းအထန် လုပ်ဆောင်သွားမှာဖြစ်ပြီး ကယ်ဆယ်ရေး ညှိနှိုင်းဆောင်ရွက်မှုဌာနကို (၂၄) နာရီ ဖွင့်လှစ်ထားပါမည်" ဟု CAAN က ထုတ်ပြန်ချက်တွင် ပြောထားသည်။ 

ယခုပျောက်ဆုံးနေသည့် လေယာဥ်ပေါ်တွင် လေယာဥ်အမှုထမ်း (၃) ဦး အပါအဝင် အိန္ဒိယနိုင်ငံသား (၄) ဦး၊ ဂျာမန် (၂) ဦးနှင့် နီပေါနိုင်ငံသား (၁၆) ဦး လိုက်ပါသွားခဲ့ကြောင်း Tara Air လေကြောင်းလိုင်းက အတည်ပြုသည်။

လေယာဥ်မှာ နီပေါမြို့တော် ခတ္တမန္ဒူမြို့၏ အနောက်ဘက် မိုင် (၈၀) အကွာခန့်ရှိ ကမ္ဘာလှည့်ခရီးသွားများ လာရောက်လေ့ရှိရာ Pokhara မြို့မှ ပျံသန်းသွားခဲ့ခြင်း ဖြစ်သည်။ 

ထိုလေယာဥ်က Pokhara မြို့၏ အနောက်မြောက်ဘက် မိုင် (၅၀) ခန့်အကွာရှိ ကမ္ဘာလှည့်ခရီးသွားနှင့် ဘုရားဖူးများ လာရောက်ကြသည့် Jomsom မြို့သို့ ဦးတည်ပျံသန်းလာစဥ် ပျောက်ဆုံးသွားခဲ့သည်။ 

လေယာဥ်ပျံသန်းမှုစောင့်ကြည့်ဝက်ဘ်ဆိုက် Flightradar24 တွင် ဖော်ပြထားမှုအရ လေယာဥ်ကို မှတ်ပုံတင်နံပါတ် 9N-AET ဖြင့် စာရင်းသွင်းမှတ်ပုံတင်ထားပြီး ၁၉၇၉ ခုနှစ် ဧပြီလအတွင်းက ပထမဆုံးအကြိမ် ပျံသန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နီပေါမိုးလေဝသဌာနက ထုတ်ပြန်ချက်အရ မေလ (၂၉) ရက် နံနက်ပိုင်းကတည်းက Pokhara-Jomson ကောင်းကင်တွင် တိမ်ထူထပ်နေခဲ့သည်ဟု ဆိုသည်။ 

ကမ္ဘာ့အမြင့်ဆုံးတောင် (၁၄) ခုအနက် (၈) ခုရှိသည့် နီပေါနိုင်ငံတွင် လေယာဥ်မတော်တဆမှု မှတ်တမ်းများ ရှိထားသည်။ 

နီပေါ၏ ရာသီဥတုမှာ ရုတ်တရက် ပြောင်းလဲနိုင်ပြီး လေယာဥ်ကွင်းများမှာ များသောအားဖြင့် သွားလာရန်ခက်ခဲသည့် တောင်တန်းဒေသများတွင် တည်ရှိကြသည်။

၂၀၁၈ ခုနှစ် အစောပိုင်းက US-Bangla Airlines လေကြောင်းလိုင်း၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှ ခတ္တမန္ဒူမြို့သို့ လေကြောင်းခရီးစဥ် ပျံသန်းလာသည့် ခရီးသည်တင်လေယာဥ်မှာ လေဆိပ်တွင်ဆင်းသက်စဥ် မီလောင်မှုဖြစ်ပွားခဲ့ပြီး လိုက်ပါလာသူ (၇၁) ဦးအနက် (၅၁) ဦး သေဆုံးခဲ့သည်။ ၁၉၉၂ ခုနှစ်ကလည်း Pakistan International Airlines လေကြောင်းလိုင်း၏ လေယာဥ်တစ်စီးမှာ ခတ္တမန္ဒူတွင် ဆင်းသက်ရန်ကြိုးပမ်းခဲ့စဥ် ပျက်ကျခဲ့ရာ လိုက်ပါလာသူ (၁၆၇) ဦးလုံး သေဆုံးခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Source: Reuters, CNN

Photo:  Madhu Thapa/Handout via REUTERS