တက်ကြွလှုပ်ရှားသူများနှင့် ကျူးလွန်ခံရသူများက မြန်မာစစ်ဗိုလ်ချုပ်များကို ရာဇဝတ်မှုဖြင့် ဂျာမနီနိုင်ငံတွင် တရားစွဲဆို

 Fortify Rights အမှုဆောင်အရာရှိချုပ်နှင့် ပူးတွဲတည်ထောင်သူ Matthew Smith
Fortify Rights အမှုဆောင်အရာရှိချုပ်နှင့် ပူးတွဲတည်ထောင်သူ Matthew Smith
တက်ကြွလှုပ်ရှားသူများနှင့် ကျူးလွန်ခံရသူများက မြန်မာစစ်ဗိုလ်ချုပ်များကို ရာဇဝတ်မှုဖြင့် ဂျာမနီနိုင်ငံတွင် တရားစွဲဆို
By Mr John

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမွတ်စလင်မ်များကို လူမျိုးတုံးသတ်ဖြတ်မှုအပါအဝင် အခြားကြမ်းကြုတ်ရက်စက်သည့် လုပ်ရပ်များနှင့် ပတ်သက်၍ မြန်မာစစ်ဗိုလ်ချုပ်များကို ဂျာမနီနိုင်ငံတွင် တရားစွဲဆိုထားကြောင်း Reuters သတင်းက ဖော်ပြသည်။ 

မြန်မာတက်ကြွလှုပ်ရှားသူများနှင့် ညှဥ်းပန်းနှိပ်စက်ခံရသူ (၁၆) ဦးက စစ်အုပ်စု၏ ထိပ်တန်းဗိုလ်ချုပ်ကြီးများကို ဂျာမနီတွင် တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။

ယခု တရားစွဲဆိုမှုမှာ ရိုဟင်ဂျာလူနည်းစုများ၊ ဒီမိုကရေစီထောက်ခံသူများနှင့် လွန်ခဲ့သည့် (၂) နှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေသူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများအတွက် မြန်မာစစ်တပ်ကို တာဝန်ခံစေရန် နိုင်ငံတကာဥပဒေကြောင်းအရ ကြိုးပမ်းမှုနေမှုများအနက် နောက်ဆုံးအမှုတစ်ခုလည်း ဖြစ်လာသည်။ 

ဂျာမနီက နိုင်ငံတကာဆိုင်ရာ တရားစီရင်ပိုင်ခွင့် မူဝါဒကို အသိအမှတ်ပြုထားခြင်းကြောင့် မြန်မာစစ်ဗိုလ်ချုပ်များကို ထိုနိုင်ငံတွင် တရားစွဲရန် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ယခုတရားစွဲဆိုမှုကို အားပေးထောက်ပြီး ဦးဆောင်သည့် Fortify Right လူ့အခွင့်အရေးအုပ်စုက ပြောသည်။

ကြီးလေးသော နိုင်ငံတကာ ရာဇဝတ်မှုများဖြင့် စွပ်စွဲခံရသူများကို ဂျာမနီနိုင်ငံ တရားရုံးတစ်ရုံးက စစ်ဆေးကြားနာနိုင်ကြောင်း သိရသည်။ 

"အခုတရားစွဲဆိုမှုမှာက လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ မြန်မာစစ်တပ်ရဲ့ စနစ်တကျစီစဥ် သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှု၊ ညှဥ်းပန်းနှိပ်စက်မှု၊ ထောင်သွင်းအကျဥ်းချမှု၊ အစဖျောက်ပစ်မှု၊ နှိပ်ကွပ်မှုနှင့် အခြား လုပ်ရပ်တွေအတွက် သက်သေအထောက်အထား အသစ်တွေကို တင်သွင်းထားပါတယ်" ဟု Fortify Rights အမှုဆောင်အရာရှိချုပ်နှင့် ပူးတွဲတည်ထောင်သူ Matthew Smith က ပြောသည်။

ဂျာမနီနိုင်ငံတွင် မြန်မာစစ်ဗိုလ်ချုပ်များကို တရားစွဲဆိုသူ (၁၆) ဦးအနက် ရိုဟင်ဂျာများနှင့် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များအတွင်း အသက်ရှင်ကျန်သူများ သို့မဟုတ် ရာဇဝတ်မှုကျူးလွန်သည်ကို မျက်မြင်တွေ့ရှိခဲ့သူများ ပါဝင်ကြောင်း Fortify Rights က ပြောသည်။ 

ဂျာမန်အာဏာပိုင်များက ယခုတရားစွဲဆိုမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်သွားမည်ဟု Fortify Rights လူ့အခွင့်အရေးအုပ်စုက မျှော်လင့်ထားကြသည်။

၂၀၂၂ ခုနှစ်တွင် ဂျာမန်တရားရုံးတစ်ရုံးက ဆီးရီးယားနိုင်ငံ၏ ထောက်လှမ်းရေးအရာရှိဟောင်းတစ်ဦးကို လူသတ်မှု၊ မုဒိမ်းမှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇတ်မှုတို့ဖြင့် ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။ 

ဂျာမနီတွင် စစ်ဗိုလ်ချုပ်များ တရားစွဲခံရမှုနှင့် ပတ်သက်၍ စစ်အုပ်စုပြောခွင့်ရပုဂ္ဂိုလ်ကို ဖုန်းဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖုန်းမကိုင်ခဲ့ဟု Reuters သတင်းက ဖော်ပြထားသည်။

Source: Reuters