တရုတ်နိုင်ငံတွင် Covid-19 ပြန်လည်စတင်မှုအဖြစ် နေ့အလိုက် ကူးစက်မှုများ စံချိန်တင် အများဆုံးဖြစ်လာ

တရုတ်နိုင်ငံတွင် Covid-19 ပြန်လည်စတင်မှုအဖြစ် နေ့အလိုက် ကူးစက်မှုများ စံချိန်တင် အများဆုံးဖြစ်လာ
နိုဝင်ဘာ 25, 2022 | နိုင်ငံတကာသတင်း| Covid-19
By Mr John

တရုတ်နိုင်ငံတွင် COVID-19 တိုက်ဖျက်ရေး တင်းကျပ်သည့် အစီအမံများ ချမှတ်ဆောင်ရွက်နေသော်လည်း ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့ချိန်နောက်ပိုင်း နေ့အလိုက် ကူးစက်မှုအရေအတွက် အမြင့်ဆုံး စံချိန်တင် တွေ့ရှိလာရကြောင်း သိရသည်။

 ဘေဂျင်းမြို့တော်နှင့် နိုင်ငံတောင်ပိုင်းရှိ ကူးသန်းရောင်းဝယ်ရေး အချက်အချာ Guangzhou မြို့ အပါအဝင် မြိုကြီးများတွင် ကူးစက်မှုများ မြင့်တက်ဖြစ်ပွားနေသည်။

၂၀၂၂ခုနှစ် နိုဝင်ဘာလ (၂၃) ရက်နေ့က တရုတ်တွင် COVID-19 ကူးစက်မှု (၃၁,၅၂၇)ဦး တွေ့ရှိခဲ့ရပြီး ဧပြီလအတွင်း အမြင့်ဆုံးအဖြစ် (၂၈,၀၀၀)ဦးအထိ တွေ့ရှိထားမှုထက် ပိုများလာခဲ့သည်။ 

ကူးစက်မှုအရေအတွက်မှာ လူဦးရေ (၁.၄) ဘီလီယံရှိသည့် တရုတ်နိုင်ငံအတွက် သေးငယ်သည်ပမာဏ ဖြစ်နေဆဲဖြစ်ပြီး တရားဝင် ထုတ်ပြန်မှုအရ ယခုအချိန်အထိ COVID-19 ကြောင့် သေဆုံးသူ (၅,၂၀၀)ဦးကျော်ရှိခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ zero-COVID မူဝါဒက လူ့အသက်များကို ကယ်ခဲ့သလိုဖြစ်သော်လည်း စီးပွားရေးနှင့် သာမန်ပြည်သူတို့၏ နေ့စဥ်ဘဝကို ထိခိုက်ခဲ့သည်။ 

တရုတ်က ၎င်း၏ zero-COVID မူဝါဒအရ တင်းကျပ်သည့် စည်းမျဥ်းကန့်သတ်ချက်များကို မကြာသေးမီ သီတင်းပတ်များက အနည်းငယ် ဖြေလျှော့ပေးခဲ့သည်။ 

တရုတ်အာဏာပိုင်များက COVID-19 လူနာနှင့် အနီးကပ် ထိတွေ့မှုရှိသူများကို အစိုးရက စီစဥ်ထားသည့် နေရာများတွင် (၇) ရက်ကြာ ကွာရန်တင်း နေထိုင်စေမှုကို ပယ်ဖျက်ခဲ့သည်။

ထို့အတူ အနီးကပ် ထိတွေ့မှု မရှိသူများကို မှတ်တမ်းယူထားမှု ရပ်ဆိုင်းခဲ့ရာ နောက်ထပ် လူအများအပြားမှာ ကွာရန်တင်းဝင်ရမည့် အခြေအနေကို ရှောင်လွဲနိုင်ခဲ့သည်။ 

အာဏာပိုင်များမှ ယခုနှစ်အစောပိုင်းက ရှန်ဟိုင်းမြို့တွင် လုပ်ဆောင်သကဲ့သို့ တစ်မြို့လုံးကို lockdown လုပ်ခြင်းများ ရှောင်ရှားရန်လည်း စီစဥ်ခဲ့သည်။ 

သို့သော် လက်ရှိတွင် ဘေဂျင်းမြို့တော်၌ ကူးစက်မှုများ မြင့်တက်နေပြီး မေလနောက်ပိုင်း COVID-19 ကြောင့် ပထမဆုံး သေဆုံးမှုများလည်း ရှိလာခဲ့သည်။

ဘေဂျင်းမြို့ရှိ ခရိုင်များတွင် ကန့်သတ်ချက်များ ထုတ်ခဲ့ရပြီး ဈေးဆိုင်များ၊ ကျောင်းများနှင့် စားသောက်ဆိုင်များကို ပိတ်ထားခဲ့သည်။ 

နိုင်ငံအလယ်ပိုင်းရှိ Zhengzhou မြို့တွင်လည်း လူဦးရေ (၆) သန်းကို နိုဝင်ဘာလ (၁၈) ရက်နေ့မှစပြီး (၆) ရက်ကြာ lockdown လုပ်ထားခဲ့ကြောင်း သိရသည်။ 

ထိုအတောအတွင်း တရုတ်နိုင်ငံရှိ ကမ္ဘာ့အကြီးဆုံး iPhone စက်ရုံ Foxconn တွင် အလုပ်သမားများ ဒေါသတကြီး ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်။

လုပ်ခလစာနှင့် ပတ်သက်၍ စက်ရုံအလုပ်သမားများ ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး နောက်ပိုင်းတွင် Foxconn က ၎င်း၏ လုပ်ခလစာစနစ်များတွင် နည်းပညာအမှားအယွင်းအတွက် တောင်းပန်ခဲ့ကြောင်း သိရသည်။ 

ပြီးခဲ့သည့် အောက်တိုဘာလ နှောင်းပိုင်းက Foxconn စက်ရုံတွင် COVID-19 ကူးစက်မှုများ မြင့်တက်နေစဥ် နေထိုင်ရသည့်အခြေအနေ ဆိုးရွားညံ့ဖျင်းကြောင်း စွပ်စွဲပြောဆိုမှုများ ထွက်ပေါ်ခဲ့ပြီး အလုပ်သမားများ စက်ရုံမှ ထွက်ပြေးခဲ့ကြသည်။

Source: BBC

Photo: REUTERS