မိုင်းဆတ်မြို့တွင် မကွေးတိုင်းမှ လာသည့် လမ်းလုပ်သားတစ်ဦး၌ COVID 19 ပိုးတွေ့

မိုင်းဆတ်မြို့တွင် မကွေးတိုင်းမှ လာသည့် လမ်းလုပ်သားတစ်ဦး၌ COVID 19 ပိုးတွေ့
ဇန်နဝါရီ 21, 2021 | Covid-19| ရှမ်းရှေ့
By သန်းဇော်ဦး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်တွင် လမ်းလုပ်ငန်းဆောင်ရွက်မည့် မကွေးတိုင်းဒေသကြီးမှလာသည့် လမ်းလုပ်သားအဖွဲ့မှ အမျိုးသား (၁)ဦး၌ COVID 19 ပိုးတွေ့ရကြောင်း ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့တွင် ဓာတ်ခွဲအဖြေရသည်။



မိုင်းဆတ်မြို့နယ်၊ လွယ်ဆောင်ကျေးရွာအုပ်စု၊ ရေပူစမ်းကျေးရွာအနီး ကျိုင်းတုံ - မိုင်းခုတ် - မိုင်းဆတ်လမ်းတွင် လမ်းလုပ်ငန်းဆောင်ရွက်မည့် မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ အမျိုးသား (၂၂) ဦးနှင့်  အမျိုးသား (၇) ဦးတို့အား ရေပူစမ်းကျေးရွာအနီးတွင် Site Quarantine ထားရှိခြင်းဖြစ်ကြောင်း သိရသည်။



quarantine ထားသူများအား ဇန်နဝါရီလ (၁၂) ရက်နေ့က ပထမအကြိမ်အဖြစ် Testkit ဖြင့် စစ်ဆေးခဲ့ရာ COVID 19 ပိုးမတွေ့ကြောင်း အဖြေထွက်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ဇန်နဝါရီလ (၁၈) ရက်နေ့တွင် နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်နမူနာများအား ဒုတိယအကြိမ်အဖြစ် ရယူစစ်ဆေးရာ အမျိုးသားတစ်ဦးတွင် ပိုးတွေ့ခဲ့ခြင်းဖြစ်သည်။



အဆိုပါ ပိုးတွေ့အတည်ပြုလူနာမှာ မိုင်းဆတ်မြို့၏ (၄)ဦးမြောက် အတည်ပြုလူနာဖြစ်ပြီး မိုင်းဆတ်မြို့၊ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် Isolation Ward တွင်ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။



Tachileik News Agency

သတင်း - သန်းဇော်(မိုင်းဆတ်)