တရုတ်တွင် တင်းကျပ်သည့် COVID-19 ကန့်သတ်ချက်ကြောင့် နောက်ထပ် ကလေးတစ်ဦး သေဆုံးမှုထပ်မံ ဖြစ်ပေါ်ခဲ့ပြီး အများပြည်သူ ဒေါသထွက်နေ

တရုတ်တွင် တင်းကျပ်သည့် COVID-19 ကန့်သတ်ချက်ကြောင့် နောက်ထပ် ကလေးတစ်ဦး သေဆုံးမှုထပ်မံ ဖြစ်ပေါ်ခဲ့ပြီး အများပြည်သူ ဒေါသထွက်နေ
နိုဝင်ဘာ 18, 2022 | နိုင်ငံတကာသတင်း| Covid-19
By Mr John

တရုတ်နိုင်ငံတွင် zero-COVID မူဝါဒအရ တင်းကျပ်သည့် စည်းမျဥ်းကန့်သတ်ချက်ကြောင့် ကလေးတစ်ဦး ထပ်မံ သေဆုံးခဲ့ပြီးနောက် နိုဝင်ဘာလ (၁၇) ရက်နေ့က အများပြည်သူကြား ပိုမိုဒေါသထွက်ခဲ့ကြသည်။ 

အသက် (၄) လအရွယ် မိန်းကလေးငယ်မှာ တရုတ်အလယ်ပိုင်း Zhengzhou မြို့ရှိ ဟိုတယ်တစ်ခုတွင် ကွာရန်တင်းဝင်နေရစဥ် အော့အန် ဝမ်းသွားပြီးနောက် သေဆုံးသွားခဲ့ကြောင်း သတင်းများနှင့် ဆိုရှယ်မီဒီယာပို့စ်များအရ သိရှိရသည်။

ဖခင်ဖြစ်သူမှာ သမီးကို ဆေးရုံပို့နိုင်ရန် ကြိုးပမ်းခဲ့ရာ အရေးပေါ်ဌာနနှင့် ပြောဆိုနေရမှုက (၁၁) နာရီကြာခဲ့ပြီး နောက်ဆုံးတွင် ဟိုတယ်မှ (၆၂) မိုင်ဝေးသည့် ဆေးရုံတစ်ရုံသို့ ပို့ဆောင်ခွင့်ရခဲ့သည်။ 

ကွာရန်တင်းဝင်နေရသူများကို အရေးပေါ် ဆေးကုသရန်အတွက် တားမြစ်ပိတ်ပင်မည်မဟုတ်ဟု ယခုလအတွင်း အာဏာရ ကွန်မြူနစ်ပါတီက ကတိပြုခဲ့ပြီးနောက် ယခု ကလေးငယ် သေဆုံးမှုမှာ ထပ်မံ ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

အသက် (၄) လအရွယ် မိန်းကလေးနှင့် သူမ၏ ဖခင်တို့ကို နိုဝင်ဘာလ (၁၂) ရက်နေ့က ကွာရန်တင်းဝင်စေခဲ့ကြောင်း သတင်းများနှင့် ဆိုရှယ်မီဒီယာပို့စ်များက ဖော်ပြထားသည်။ 

ထို့နောက် နိုဝင်ဘာလ (၁၄) ရက် မွန်းလွဲပိုင်းတွင် ကလေးငယ်မှာ အော့အန် ဝမ်းသွားမှုကြောင့် ဖခင်က အရေးပေါ်ဌာန ဖုန်းလိုင်းသို့ ဆက်သွယ်ခဲ့ကြောင်း သိရသည်။ 

အရေးပေါ်ဌာနက မိန်းကလေး၏ အခြေအနေမှာ အရေးပေါ် ဆေးကုသရန် မလိုအပ်ဟု ပြောခဲ့သည်။

နောက်ပိုင်းတွင် ကွာရန်တင်းဝင်နေရာရှိ ကျန်းမာရေးဝန်ထမ်းများက အရေးပေါ် လူနာတင်ကားတစ်စီးကို ဖုန်းဆက်ခေါ်ပေးခဲ့သော်လည်း ထိုလူနာတင်ကားမှ အဖွဲ့က ဖခင်ထံတွင် COVID-19 ကူးစက်ခံထားရမှုကြောင့် လိုက်ပါပို့ဆောင်ပေးရန် ငြင်းဆန်ခဲ့ကြသည်ဟု ဆိုသည်။ 

မိန်းကလေးမှာ နောက်ဆုံးတွင် ဆေးရုံသို့ ည (၁၁) နာရီ၌ ရောက်ရှိလာခဲ့သော်လည်း ဆရာဝန်များက အသက်မကယ်နိုင်တော့ဘဲ သေဆုံးသွားကြောင်း သိရသည်။

နိုဝင်ဘာလဆန်းပိုင်းကလည်း တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း Lanzhou မြို့တွင် အလားတူဖြစ်ရပ်တစ်ခု ရှိခဲ့ဖူးသည်။ 

COVID-19 စည်းမျဥ်းကန့်သတ်ချက်အရ lockdown လုပ်ထားသည့် Lanzhou မြို့၏ ရပ်ကွက်တစ်ခုမှ ကာဗွန်မိုနောက်ဆိုက် အဆိပ်သင့်ခဲ့သည့် အသက် (၃) နှစ်အရွယ် ယောက်ျားလေးတစ်ဦးကို ဆေးရုံသို့ အချိန်မီ ပို့ဆောင်နိုင်ခြင်းမရှိဘဲ သေဆုံးခဲ့ရမှုကြောင့် အများပြည်သူကြား ဒေါသထွက်ခဲ့ကြသည်။

ကလေးငယ်၏ ဖခင်က ဆိုရှယ်မီဒီယာတွင် ပြောဆိုထားမှုအရ ဓာတ်ငွေ့အဆိပ်သင့်သည့် သားဖြစ်သူကို ဆေးကုသရန်အတွက် ၎င်းတို့၏ အိမ်ရာဝင်းမှ ထွက်ခွင့်ပြုရန် တောင်းပန်ခဲ့သော်လည်း Covid ဝန်ထမ်းများက တားဆီးရန် ကြိုးပမ်းခဲ့ကြကြောင်း သိရသည်။ 

ထိုသို့ တားဆီးနေရာမှ နှောင့်နှေးမှုဖြစ်ပြီး ကလေးငယ် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ဖခင်ဖြစ်သူက ယူဆထားသည်။

တရုတ်သမ္မတရှီကျင့်ဖျင် အစိုးရက COVID-19 လုံးဝ ကင်းစင်ပပျောက်ရေး zero-COVID မူဝါဒကို ဆက်လက်စွဲကိုင်ထားပြီး တင်းကျပ်သည့် စည်းမျဥ်းကန့်သတ်ချက်များဖြင့် ကပ်ရောဂါကို တိုက်ဖျက်နေသည်။ 

သို့သော် လတ်တလော ရက်များအတွင်း တရုတ်တွင် ကူးစက်မှုများ မြင့်တက်နေကြောင်း သိရသည်။ 

နိုဝင်ဘာလ (၁၇) ရက်တွင် တရုတ်အစိုးရက ထုတ်ပြန်မှုအရ နိုင်ငံတဝန်း COVID-19 ကူးစက်မှုအသစ် (၂၃,၂၇၆) ခု စစ်ဆေးတွေ့ရှိရပြီး ၎င်းတို့အနက် (၂၀,၈၈၈) ခုမှာ ရောဂါလက္ခဏာမပြဟု ဆိုသည်။

Source: AP