ထိုင်းနိုင်ငံတွင် အဂတိလိုက်စားမှုကြောင့် အခွန်ဌာနအရာရှိတစ်ဦး ဖမ်းခံရပြီး နေအိမ်မှ ဘတ် (၇) သန်းနီးပါးနှင့် လာဘ်ယူသူစာရင်း သိမ်းဆည်းရမိ

ထိုင်းနိုင်ငံတွင် အဂတိလိုက်စားမှုကြောင့် အခွန်ဌာနအရာရှိတစ်ဦး ဖမ်းခံရပြီး နေအိမ်မှ ဘတ် (၇) သန်းနီးပါးနှင့် လာဘ်ယူသူစာရင်း သိမ်းဆည်းရမိ
By Mr John

ထိုင်းနိုင်ငံတွင် အိမ်ခြံမြေကုမ္ပဏီတစ်ခုထံမှ များပြားသော လာဘ်ငွေတောင်းမှုဖြင့် စွဲချက်တင်ခံရသည့် ဘန်ကောက်မြို့၏ အကြီးတန်း ခရိုင်အရာရှိတစ်ဦး၏ နေအိမ်ကို ရဲတပ်ဖွဲ့က ရှာဖွေမှုအတွင်း ငွေသား ဘတ် (၇) သန်းနီးပါးနှင့် လာဘ်ယူသူများဟု သံသယရှိရသူများ၏ အမည်စာရင်းတစ်ခုကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး အရာရှိများ ပါဝင်သည့် အဖွဲ့တစ်ဖွဲ့က Ratchathewi ခရိုင်ရုံး၏ အခွန်ဌာန အကြီးအကဲ အသက် (၅၇) နှစ်အရွယ် Pramual Saengkaewsri ၏ နေအိမ်ကို ၂၀၂၃ခုနှစ် ဧပြီလ (၅) ရက် ညနေပိုင်းတွင် ဝင်ရောက်ရှာဖွေခဲ့မှုအတွင်း ငွေများနှင့် အမည်စာရင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အခွန်ဌာန အကြီးအကဲ Pramual ကို မြေနှင့်အဆောက်အအုံ အခွန်အခ ဘတ် သန်း (၄၀) ကို စာရင်းဖျောက်ပေးမည်ဟုဆိုကာ အိမ်ခြံမြေကုမ္ပဏီတစ်ခုထံမှ ဘတ် (၃.၂) သန်း လာဘ်ငွေတောင်းခဲ့မှုဖြင့် ဧပြီလ (၄) ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီးနောက်  Nonthaburi ပြည်နယ်၏ Bang Bua Thong ခရိုင်ရှိ ၎င်း၏နေအိမ်ကို ရှာဖွေခဲ့ခြင်း ဖြစ်သည်။ 

အရာရှိများက ရှာဖွေမှုအတွင်း ၎င်၏ကားများအနက်မှ တစ်စီးတွင် ငွေသား စုစုပေါင်း ဘတ် (၆.၉) သန်းနှင့် လာဘ်ယူမှုနှင့်ဆက်နွယ်သော များပြားသည့် စာရွက်စာတမ်းများကို သိမ်းဆည်းရမိခဲ့သည်။ 

Pramual ကို ဘတ် (၃.၂) သန်းပါဝင်သော စာအိတ်တစ်အိတ်နှင့်အတူ ဧပြီလ (၄) ရက်နေ့က Ratchathewi ခရိုင် Phaya Thai ဧရိယာရှိ ဟိုတယ်တစ်ခု၏ ကားပါကင်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

၎င်းကမူ ထိုစာအိတ်ထဲတွင် စာရွက်စာတမ်းများသာ ပါဝင်သည်ဟု ထင်ခဲ့မိကြောင်းနှင့် မည်သည့်အမှားမျှ မကျူးလွန်ခဲ့ကြောင်း ငြင်းဆိုခဲ့သည်။ 

အခွန်ဌာအရာရှိ Pramual ကို လာဘ်ငွေတောင်းမှု သို့မဟုတ် လက်ခံရယူမှုနှင့် ရုံးလုပ်ငန်းတွင် မမှန်မကန် ဆောင်ရွက်မှုဖြင့် ရာဇဝတ်ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၁၅၇) အရ စွဲချက်တင်ခဲ့သည်။ 

၎င်းကို စစ်ဆေးမေးမြန်းပြီး နောက်ပိုင်းတွင် ဘတ် (၄၀၀,၀၀၀) အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။



Source: Bangkok Post