နီပေါနိုင်ငံတွင် ပြည်တွင်း လေယာဥ်ပျက်ကျမှုကြောင့် အနည်းဆုံး လူ (၆၈) ဦး သေဆုံး

နီပေါနိုင်ငံတွင် ပြည်တွင်း လေယာဥ်ပျက်ကျမှုကြောင့် အနည်းဆုံး လူ (၆၈) ဦး သေဆုံး
ဇန်နဝါရီ 15, 2023 | နိုင်ငံတကာသတင်း
By Mr John

 

နီပေါနိုင်ငံ ပေါ့ခ်ဟာရာမြို့တွင် ပြည်တွင်းလေကြောင်းခရီးစဥ် ပျံသန်းသည့် လေယာဥ်တစ်စီး ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၁၅) ရက်နေ့တွင်  ပျက်ကျခဲ့မှုအတွင်း အနည်းဆုံး လူ (၆၈) ဦး သေဆုံးခဲ့ကြောင်း နီပေါလေကြောင်းပျံသန်းမှု အာဏာပိုင်အဖွဲ့ အရာရှိတစ်ဦးက ပြောသည်။ 

ယခုဖြစ်ရပ်မှာ ဟိမဝန္တာတောင်တန်းဒေသရှိ နီပေါနိုင်ငံတွင် နှစ် (၃၀) အတွင်း အဆိုးဆုံး လေယာဥ်ပျက်ကျမှုဖြစ်ကြောင်းလည်း သိရသည်။

ပြည်တွင်းလေကြောင်းလိုင်း Yeti Airlines ၏ ခရီးသည်တင်လေယာဥ် ပျက်ကျခဲ့သည့် တောင်စောင်းနေရာတွင် ကယ်ဆယ်ရေးသမားများက ရှာဖွေမှုများ ဆက်လက် လုပ်ဆောင်နေကြသည်။ 

အဆိုပါ လေယာဥ်မှာ နီပေါမြို့တော် ခတ္တမန္ဒုမြို့မှ ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။ 

"ကယ်ဆယ်ရေးလုပ်နေပါတယ်။ ရာသီဥတုကြည်လင်နေပါတယ်" ဟု နီပေါမြို့ပြလေကြောင်းပျံသန်းမှု အာဏာပိုင်အဖွဲ့၏ ပြောခွင့်ရအမျိုးသား Jagannath Niroula က အစောပိုင်းတွင် ပြောသည်။

ပြည်တွင်းရုပ်မြင်သံကြားသတင်း၏ ဖော်ပြမှုအရ လေယာဥ်ပျက်ကျခဲ့သည့်နေရာမှ မည်းနက်သည့် မီးခိုးများထွက်ပေါ်နေပြီး လေယာဥ်အပျက်အစီးပတ်လည်တွင် ကယ်ဆယ်ရေးသမားများနှင့် လူအုပ်စုများကို တွေ့ရသည်။ 

ယခု ပျက်ကျခဲ့သည့် Yeti လေကြောင်းလိုင်းပိုင် လေယာဥ်မှာ အင်ဂျင် (၂) လုံးတပ် ATR 72 အမျိုးအစားဖြစ်ပြီး လေယာဥ်ပေါ်တွင် နို့စို့အရွယ် ကလေးငယ် (၂) ဦးနှင့် လေယာဥ်အမှုထမ်း (၄) ဦး အပါအဝင် လူ (၇၂) ဦး လိုက်ပါသွားကြောင်း လေကြောင်းလိုင်း၏ ပြောခွင့်ရအမျိုးသား Sudarshan Bartaula က အတည်ပြုသည်။ 

လေယာဥ်ပေါ်တွင် အိန္ဒိယနိုင်ငံသား (၅) ဦး၊ ရုရှား (၄) ဦး၊ အိုင်ယာလန် (၁) ဦး၊ တောင်ကိုရီးယား (၂) ဦး၊ ဩစတြေးလျ (၁) ဦး၊ ပြင်သစ် (၁) ဦးနှင့် အာဂျင်တီးနား (၁) ဦးပါရှိကြောင်း နီပေါလေဆိပ်အရာရှိတစ်ဦးက ပြောသည်။

ပျက်ကျခဲ့သည့် လေယာဥ်မှာ သက်တမ်း (၁၅) နှစ်ရှိပြီဖြစ်ကြောင်း လေကြောင်းပျံသန်းမှု စောင့်ကြည့်ဝက်ဘ်ဆိုက် FlightRadar24 ၏ အချက်အလက်များအရ သိရသည်။ 

ATR 72 အမျိုးအစား လေယာဥ်များကို Airbus နှင့် Leonardo လေယာဥ်ကုမ္ပဏီတို့က ပူးပေါင်းထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ 

Yeti လေကြောင်းလိုင်းတွင် ATR72-500 အမျိုးအစား လေယာဥ် (၆) စီးရှိကြောင်း ၎င်း၏ဝက်ဘ်ဆိုက်က ဖော်ပြထားသည်။

နီပေါနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လေယာဥ်ပျက်ကျမှုများအနက် ၁၉၉၂ ခုနှစ်က ခန္တမန္ဒုမြို့အနီး တောင်စောင်းတစ်ခုတွင် ပါကစ္စတန်အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း Pakistan International Airlines ၏ Airbus A300 အမျိုးအစား ခရီးသည်တင်လေယာဥ် ပျက်ကျခဲ့ပြီး လိုက်ပါလာသူ (၁၆၇) ဦး သေဆုံးခဲ့သည့် လေယာဥ်ပျက်ကျမှုဖြစ်ကြောင်း Aviation Safety Network ၏ အချက်အလက်များအရ သိရှိရသည်။

Source: Reuters

Photo:  REUTERS/Bijay Neupane, REUTERS/Rohit Giri, Bijay Neupane/Handout via REUTERS, REUTERS/Nicolas Economou,