ကယားပြည်နယ်တွင်းရှိ အထင်ကရနေရာ(၁၁) ခုအား စက်တင်ဘာလကုန်အထိ ယာယီပိတ်မည်

ကယားပြည်နယ်တွင်းရှိ အထင်ကရနေရာ(၁၁) ခုအား စက်တင်ဘာလကုန်အထိ ယာယီပိတ်မည်
စက်တင်ဘာ 9, 2020
By Tachileik News Agency
ကယားပြည်နယ်တွင်းရှိ အထင်ကရနေရာ(၁၁) ခုအား စက်တင်ဘာလကုန်အထိ ယာယီပိတ်မည်
ကယားပြည်နယ်တွင်းရှိ ခရီးသွားများ လာရောက်လည်ပတ်မှုများပြားသော အထင်ကရ နေရာ(၁၁)ခုကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်နေ့မှစ၍ ယာယီပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။
Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် လူစုလူဝေးဖြစ်များပြားနိုင်သည့်နေရာများဖြစ်သည့် အထင်ကရ နေရာ(၁၁)ခုအား ယာယီပိတ်သိမ်းခြင်းဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
“ပိတ်ထားသင့်တာကြာပါပြီ ။ အရင်တစ်ခေါက်ပိတ်ထားပြီးတော့ ပြန်ဖွင့်တယ်။ အခုက ကိုဗစ်က ဘယ်နေရာမှာရှိနေလည်းဆိုတာ အကုန်ကြိုမသိနိုင်ဘူးလေ။ ဒီကာလမှာကတော့ လုံးဝပိတ်ထားသင့်ပါတယ်။ အစိုးရကလည်း စာထုတ်ပြီးပိတ်လိုက်တော့ တရားဝင်သွားတာပေါ့လေ။”ဟု လွိုင်ကော်မြို့မှ အငှား ယာဉ်မောင်း ကိုဖိုးချို က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကယားပြည်နယ်အတွင်း ခရီးသွားများ အများစုလာရောက်လေ့ရှိသော ထီးစဲခါးရေတံခွန် ၊ ကြတ်ဂူ ၊ငွေတောင်ဆည် ၊ထီးပွင့်ကန် ၊ ကန်ခုနှစ်ဆင့် ၊ ကွိုင်ငံရေထွက်ပေါက်၊ နန်းမယ်ခုံရှိ ရေပြာအိုင် ၊ ဖရူဆိုမြို့နယ် ရှိ ထီပရူနူဂူ ၊ ဆင်ဖြူတောင် စသည့်နေရာများသို့ သွားလာခွင့် ယာယီပိတ်ထားမှာဖြစ်ပြီး CBT ကျေးရွာများဖြစ်သည့် ဒီးမော့ဆိုမြို့နယ် ရှိ  ပန်ပက်ကျေးရွာ ၊ တနီးလာလဲကျေးရွာ နှင့် အခြား CBT ကျေးရွာများကိုလည်း စက်တင်ဘာလ (၉) ရက်နေ့မှ စက်တင်ဘာလ(၃၀) ရက်နေ့အထိ ယာယီပိတ်ထားမည်ဖြစ်သည်။
ကယားပြည်နယ်အတွင်းသို့ လာရောက်ရာတွင် COVID-19 ရောဂါပိုးတွေ့ရှိထားသည့်  မည်သည့်ဒေသမြို့နယ် များမှလာသည်ဖြစ်စေ  Community Based Facility Quarantine (၁၄) ရက် နေထိုင်ပြီး ဓါတ်ခွဲနမူနာ(၁)ကြိမ် စစ်ဆေး၍ Home Quarantine အဖြစ် (၇)ရက် နေထိုင်ရမည်ဖြစ်သည်။
ကယားပြည်နယ်တွင်းသို့ လာရောက်သူများအား မြို့နယ်အသီးသီး၏ အဝင်စစ်ဆေးရေးဂိတ်များ၌ ကျန်းမာရေး စစ်ဆေးခြင်းနှင့် တစ်ပတ်အတွင်းထုတ်ပေးထားသည့် သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ထောက်ခံစာလိုအပ်မည်ဖြစ်သည်။
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~