ရွှေဘိုတွင် ပျူစောထီး ၃ ဦးပစ်ခတ်ခံရပြီး သေဆုံးသဖြင့် စစ်ကူလာသည့် စစ်ကောင်စီတပ် အလောင်းကောက်ပြန်ရ

ရွှေဘိုတွင် ပျူစောထီး ၃ ဦးပစ်ခတ်ခံရပြီး သေဆုံးသဖြင့် စစ်ကူလာသည့် စစ်ကောင်စီတပ် အလောင်းကောက်ပြန်ရ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့သို့ လစာထုတ်ရန်လာသည့် ပျူ‌စောထီး(၃)ဦးကို ယနေ့ ၂၀၂၄ ခုနှစ် မတ်လ (၂၈)ရက်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ (၃)ဦးလုံး သေဆုံးကြောင်း ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

ရွှေဘိုမြို့နယ် မြင်းချင်းပျူ‌စောထီးခေါင်းဆောင် ထွန်းနိုင်အပါအဝင် (၃)ဦး စီးလာသည့်ကားကို ရွှေဘို-ရေဦးလမ်းပိုင်း ကျွန်းတောအနီး ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး မြို့တွင်းတပ်ရင်း(၄၂)မှ စစ်ကောင်စီတပ်သားများ စစ်ကူလာသဖြင့် ကားနှင့် အလောင်များအား ရှင်းလင်းချိန် မရဘဲ ပျူစောထီးခေါင်းဆောင် ထွန်းနိုင်ကိုင်သည့် AK-47 တစ်လက်ကိုသာ သိမ်းဆည်းနိုင်ခဲ့သည်ဟု ဆိုသည်။

စစ်ကူလာသည့် စစ်ကောင်စီတပ်သည် ပျူစောထီးအလောင်းများကို သယ်ကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်၍ မြို့တွင်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် လက်ပါးစေများအနေဖြင့် ဆက်လက်ပြီး ပြည်သူလူထုအပေါ်  ဖိအားပေး အနိုင်ကျင့်နေမှုများကို ရပ်တန်းကရပ်ပြီး ပြည်သူဖက် ရပ်တည်ကြရန်လည်း တော်လှန်ရေးတပ်များက အသိပေးထားသည်။

တိုက်ခိုက်မှုကို ရွှေဘိုအားမာန် မြို့ပြပြောက်ကျား၊ သိခ်အားမာန်၊မဟူရာရွှေဘိုသား၊ HG FIGHTRS(LPDF)၊ ဖျံအဖွဲ့၊ စွန်ရဲရွှေဘို(LPDF)၊ Shwebo Crocodile၊ Young NI၊ ဒေါင်းမင်းအဖွဲ့၊ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ တန(၂) တပ်ပေါင်းစု၊ တန (၅) တပ်ပေါင်းစု၊ ရှင်းရှင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဗိုလ်လင်းရောင် (ဒပယ)နှင့် ဇမဏီဒေါင်း(ဒပယ)တပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency