မယ်ဆိုင်ဂူဟု နာမည်ကျော်ခဲ့သည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ထမ့်လွမ်ဂူကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ဆောင်ရွက်နေ

မယ်ဆိုင်ဂူဟု နာမည်ကျော်ခဲ့သည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ထမ့်လွမ်ဂူကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ဆောင်ရွက်နေ
နိုဝင်ဘာ 9, 2022 | နိုင်ငံတကာသတင်း

၂၀၁၈ ခုနှစ်က ကမ္ဘာ့သတင်းမီဒီယာများတွင် ဟိုးလေးတကျော်ဖြစ်ခဲ့ပြီး တစ်ကမ္ဘာလုံးက စိတ်ဝင်တစားနှင့် စိုးရိမ်တကြီး စောင့်ကြည့်ခဲ့ကြရသည့် ရေကြီးမှုအတွင်း တောဝက်ဘောလုံးအသင်း ပိတ်မိခဲ့သော ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ထမ့်လွမ်ဂူ (Tham Luang cave) ကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ ( UNESCO World Heritage Site) အဖြစ် စာရင်းဝင်စေရန် သက်ဆိုင်ရာ ထိုင်းအစိုးရဌာနက ဆောင်ရွက်နေကြောင်း သိရသည်။

ထိုင်းအစိုးရ၏ Department of National Parks, Wildlife, and Plant Conservation က Tham Luang Khun Nam Nang Non Forest Park ကို အမျိုးသားနှင့် သမိုင်းဝင်ဥယျာဥ်အဖြစ် အကောင်အထည်ဖော်ရန် လိုအပ်သည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ကိုင်နေပြီး နောက်ဆုံးတွင် ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ ဖြစ်လာစေရန် ကြိုးပမ်းနေကြောင်း သိရသည်။

ရေကြီးမှုအတွင်း တောဝက်ဘောလုံးအသင်းမှ ကလေးငယ် (၁၂) ဦးနှင့် နည်းပြဖြစ်သူတို့ ပိတ်မိခဲ့ကြသည့် ထမ့်လွမ်ဂူကို COVID-19 ကပ်ရောဂါကြောင့်  (၃) နှစ်ဝန်းကျင်အကြာ ပိတ်ထားခဲ့ရာမှ အောက်တိုဘာလလယ်တွင် အများပြည်သူ လာရောက် လည်ပတ်နိုင်ရန် ပြန်ဖွင့်ခဲ့သည်။  

ထမ့်လွမ်ဂူရှိရာ ဥယျာဥ်နေရာသို့ ကြားရက်များတွင် အကြမ်းဖျင်းအားဖြင့် လူ (၁,၀၀၀) လာရောက်လည်ပတ်လေ့ရှိပြီး စနေ၊ တနင်္ဂနွေရက်များတွင် လူ (၂,၀၀၀) ခန့် လာရောက်ကြကြောင်း သိရသည်။

ထိုင်းအစိုးရက ထမ့်လွမ်ဂူရှိရာ သစ်တောဥယျာဥ်နေရာ၌ အခြေခံအဆောက်အအုံများ တည်ဆောက်ရန်အတွက် ၂၀၂၂ ခုနှစ် ဘဏ္ဍာနှစ်တွင် ဘတ်ငွေ သန်း (၂၀) ခွဲဝေပေးခဲ့သည်။ 

ထမ့်လွမ်ဂူတဝိုက်တွင် ခရီးသွားဝန်ဆောင်မှုနေရာများ၊ သန့်စင်ခန်းများနှင့် အခြား အဆောက်အအုံများ တည်ဆောက်ရန်ဖြစ်သည်။ 

ထမ့်လွမ်ဂူနေရာတွင် အကောင်အထည်ဖော်မည့် အမျိုးသားနှင့် သမိုင်းဝင်ဥယျာဥ်မှာ အကျယ်အဝန်း မြေဧက (၄,၇၀၀) ကျော်ရှိမည်ဖြစ်သည်။

၂၀၁၈ ခုနှစ် ဇွန်လ (၂၃) ရက်နေ့ နေ့လယ်ပိုင်း ဘောလုံးလေ့ကျင့်အပြီးတွင်း တောဝက်ဘောလုံးအသင်း၏ နည်းပြဖြစ်သူ အိုက်ခ်ချန်တဝမ်နှင့် ဘောလုံးကစားသမား ကလေးငယ် (၁၂) ဦးက ထမ့်လွမ်ဂူအတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။ 

ထို့နောက် ဂူထဲမှပြန်အထွက်တွင် ဂူအတွင်း ရေများစီးဝင်လာရာသဖြင့် ဂူအတွင်းပိုင်း ကုန်းမြင့်နေရာတွင် သွားရောက်နေခဲ့ကြရာမှ ပြန်မထွက်နိုင်ဖြစ်ပြီး ပိတ်မိနေခဲ့ကြသည်။

ဂူထဲတွင် ပိတ်မိနေသည့် တောဝက်ဘောလုံးအသင်းကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၂၀) ကျော်မှ ကယ်ဆယ်ရေးကျွမ်းကျင်သူများ ပူးပေါင်းပြီး ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ရသည်။ 

နည်းပြနှင့် ကလေးများမှာ ထမ့်လွမ်ဂူအတွင်း (၁၀) ရက်ကြာ အစာမစားရဘဲ ပိတ်မိနေခဲ့ပြီး ဂူအမိုးမှ ကျလာသည့်ရေကိုသာ သောက်နေခဲ့ရသည်။ 

၎င်းတို့အားလုံးကို ဇူလိုင်လ (၁၀) ရက်နေ့တွင် ဂူအတွင်းမှ ကယ်ထုတ်နိုင်ခဲ့သည်။

Source: CTN News

Photo: สมบัติ คำลือ