မြောက်ကိုရီးယားက ရေအောက် နျူကလီးယားဒရုန်း စမ်းသပ်ခဲ့ဟုဆို

မြောက်ကိုရီးယားက ရေအောက် နျူကလီးယားဒရုန်း စမ်းသပ်ခဲ့ဟုဆို
ဇန်နဝါရီ 19, 2024 | နိုင်ငံတကာသတင်း
By Mr John

မြောက်ကိုရီးယားက ၎င်း၏ အရှေ့ဘက်ကမ်းရိုးတန်း ကမ်းလွန်ပင်လယ်ပြင်တွင် အရေးပါသည့် ရေအောက် နျူကလီးယားလက်နက် စနစ်တစ်ခုကို စမ်းသပ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန KCNA က ယနေ့  ၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၁၉)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

မြောက်ကိုရီးယားက Haeil-5-23 ဟု အမည်ပေးထားသော နျူကလီးယားထိပ်ဖူး သယ်ဆောင်နိုင်သည့် ရေအောက် တိုက်ခိုက်ရေးဒရုန်းများကို စမ်းသပ်ခဲ့ခြင်းဖြစ်ကြောင်း KCNA က ပြောခဲ့ပြီး စမ်းသပ်မှုလုပ်ဆောင်ခဲ့သည့် နေ့ရက်အတိအကျနှင့် စမ်းသပ်မှုရလဒ်ကို ဖော်ပြမထားဟု ဆိုသည်။

မြောက်ကိုရီးယား၏ အဆိုပါ လက်နက်စမ်းသပ်မှုက ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ ပိုမိုမြင့်တက်လာစေမည့် လုပ်ရပ်တစ်ခုဟု ဆိုသည်။ 

Haeil-5-23 လက်နက်စနစ် စမ်းသပ်မှုကို မြောက်ကိုရီးယား၏ Academy of Defence Science လက်အောက်ရှိ Underwater Weapon System Institute က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မကြာသေးမီက တောင်ကိုရီးယား၊ အမေရိကန်နှင့် ဂျပန်တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်ခြင်းဖြစ်ကြောင်း KCNA က ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကို ကိုးကားဖော်ပြထားပြီး နောက်ထပ် စမ်းသပ်မှုများ လုပ်ဆောင်သွားမည်ဟုလည်း သတိပေးခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က တောင်ကိုရီးယားကို နိုင်ငံ၏ အဓိက ရန်သူအဖြစ် ပြောဆိုခဲ့ရာမှ ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်တက်လာခဲ့သည်။ 

မြောက်ကိုရီးယားက ၂၀၂၄ ခုနှစ် နှစ်သစ်ကိုလည်း တောင်ကိုရီးယားနယ်စပ်ရှိ ကျွန်းတစ်ကျွန်းအနီး အမြောက်ပစ်ခတ်လေ့ကျင့်မှုများဖြင့် စတင်ခဲ့ခြင်း ဖြစ်သည်။

Source: Reuters, Bloomberg